အားလပ်ရက်အတွင်း ဇွဲကပင်တောင်တက်ရောက်ဖို့ ဘားအံမြို့ကို သွားကြမယ်

ဘားအံ ၃ မတ်

 

ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ ဇွဲကပင်တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်တော်မှာ နှစ်စဉ်ကျင်းပတဲ့ တပေါင်းလပြည့် တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေရာ ဇွဲကပင် တောင်ပေါ်ကို ပွဲတော်ကာလ တက်ရောက်သူတွေ များတယ်လို့ သိရပါတယ်။

 

 

 

ဇွဲကပင်တောင်ဟာ ပင်လယ်ရေ မျက်နှာပြင်အထက် (၂၇၃၄)ပေမြင့်ပြီး၊ ဘားအံမြို့ရဲ့ တောင်ဘက်(၇)မိုင် အကွာ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်း ရှည်လျှားလျှက်ရှိပြီး တောင်ခြေကနေ တောင်ပေါ်ထိ ပုံမှန်နှုန်းနဲ့ ခြေလျင်တက်ရင် (၂)နာရီကြာ တက်ရတဲ့ ခရီးလည်း ဖြစ်ပါတယ်။

 

တပေါင်းပွဲတော်ဟာ တပေါင်းလပြည့် မတိုင်ခင် ဖေဖော်ဝါရီ (၂၇) ရက်နေ့မှာ အထူးတရားပွဲတွေနဲ့ စတင်ကာ ကရင်၊ ဗမာ၊ မွန်ဇာတ်များ ထည့်သွင်းခြင်း၊ ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲတွေနဲ့ လုမ္ဗိနီဥယျာဉ်တော်အတွင်း စည်းကားလျှက် ရှိပါတယ်။

 

ဇွဲကပင်တောင်ပေါ်ကို ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်တွေနဲ့ အနယ်နယ် အရပ်ရပ်က ရဟန်းရှင် ပြည်သူများ ဘုရားဖူးရန် နေ့စဉ်တက်ကြသူများ ရှိပေမယ့်လည်း အခုလို နှစ်စဉ်တပေါင်း လပြည့်နေ့ တပေါင်းပွဲတော် ရက်တွေဆိုရင် နံနက်ပိုင်းမှ စတင်ပြီး ညပိုင်းတစ်ညလုံး တက်ရောက်ကြသူတွေ ပိုများတယ်လို့ သိရပါတယ်။ တောင်ပေါ်ကို တက်ရောက် ဖူးမြော်နိုင်ဖို့အတွက် Cable Car စီမံကိန်းကိုလည်း စီစဉ်ဆောင်ရွက်နေတာ(၅၀) ရာခိုင်နှုန်း ပြီးသွားပြီလို့ ဇွဲကပင်တောင် ဆရာတော်ထံကနေ သိရပါတယ်။

 

အခုလို ကာလတွေမှာ ဘားအံမြို့နယ်မှ ဂူဘုရားတွေဆီ ဘုရားဖူး သွားရောက်နိုင်သလို ရေပူစမ်းနဲ့ စိမ့်စမ်းရေအိုင် တွေမှာလည်း အပန်းဖြေ သွားရောက်နိုင်ပါတယ်။ ဒါ့အပြင် ကော့ဂွန်းသဘာဝလှိုဏ်ဂူတော်၊ ရသေ့ပျံသဘာဝ လှိုဏ်ဂူတော်၊ ဘုရင့်ညီသဘာဝ လှိုဏ်ဂူတော်နှင့် ရေပူစမ်း၊ ကော့ကသောင်သဘာဝလှိုဏ်ဂူတော်၊ ဆဒ္ဒန်သဘာဝ လှိုဏ်ဂူတော်၊ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရား၊ လုဗ္ဗိနိဥယျာဉ်၊ ကြောင့်ကမ်လာဘ် (ကျောက်ကလာဘ်)ဘုရား၊ ရွှေယာဉ်မျှော်ဘုရား၊ ဝဲပျံသဘာဝ လှိုဏ်ဂူတော်၊ လင်းနို့ဂူ၊ ထောင်ဝိသဘာဝ လှိုဏ်ဂူတော်၊ ထမင်းဆုပ်တောင်၊ တောင်ဝိုင်းတောင်နှင့် ဘားအံမြို့ ကန်သာယာတို့မှာလည်း ရပ်ဝေးရပ်နီးက လုပ်သားပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတွေ အနေနဲ့ အားလပ်ရက် အတွင်း သွားရောက် လည်ပတ်နိုင်ပါတယ်။

 

နေမျိုးလွင်(ဘားအံ)