အားလုံးအတွက်အိမ်ရာ - ကောင်းမွန်သော မြို့ပြအနာဂတ် 

mdn

အောက်တိုဘာ မြို့ပြလှုပ်ရှားမှု - Urban October: World Habitat Day, World Cities Day

===============================
သတင်းဆောင်းပါး - အေးအေးမြင့်(မယ်အေး-မြို့ပြအိမ်ရာ) 

ပုံမှန်အားဖြင့်ဆိုလျှင် ယခုလို ပွင့်လင်းရာသီရဲ့အစ အောက်တိုဘာလတွင် မြန်မာနိုင်ငံ မြို့ရွာအနှံ့ လူစုလူဝေး နှင့် ဆွေးနွေးပွဲ၊ ပြပွဲ၊ ကပွဲ၊ ဆိုပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲနှင့် ပွဲလမ်းသဘင်များ စုံလင်အောင်ကျင်းပကြလေ့ရှိပါသည်။ မိုးတွင်းကာလ ဝါတွင်းချိန်ခါ၏ ဆိတ်ငြိမ်သောနေ့ရက် များမှသည် သစ်လွင်လန်းဆန်း တက်ကြွဖွယ်နေ့ရက်များ အဖြစ် မျှော်လင့်ရင်း လူမှုရေး၊ စီးပွားရေး၊ ကုသိုလ်ရေး၊ ဓလေ့ထုံးစံအရေးတို့ကို ပြင်ဆင်ကြသည်။ သို့သော် ယခု အောက်တိုဘာလ ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မကြုံဖူးသည့် စိန်ခေါ်မှုကြီးမားလွန်းသော ကိုဗစ် - ၁၉ ကပ်ရောဂါဘေးဒဏ်ကို အခြားသော ကမ္ဘာ့ နိုင်ငံများနည်းတူ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ ခံစားနေရချိန်ဖြစ်နေသည်။

ကုလသမဂ္ဂက နှစ်စဉ် အောက်တိုဘာလ၏ ပထမ ဆုံး တနင်္လာနေ့ကို ကမ္ဘာ့လူနေမြို့ရွာနေ့ (World Habitat Day) နှင့် (၃၁)ရက်နေ့ကို ကမ္ဘာ့မြို့များနေ့(World Cities Day) အဖြစ် သတ်မှတ်ထားပြီး အဆိုပါ နေ့ရက်နှစ်ခုကြား က ရက်များတွင် လှုပ်ရှားမှုများစွာဖြင့် Urban October- အောက်တိုဘာ မြို့ပြအစီအစဉ်ကို UN-Habitat က ကြီးမှူးကျင်းပဆောင်ရွက်နေသည်။ 

ယခု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ၏ ပထမဆုံး တနင်္လာနေ့ဖြစ်သည့် ၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံဆူရာဘားရားမြို့၌ World Habitat Day (2020) အခမ်းအနားကို အွန်လိုင်းမှ Virtual အခမ်းအနား ကျင်းပ ပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတနှင့် ဝန်ကြီးများ၊ ကမ္ဘာ့ ကုလသမဂ္ဂ၊ UN-Habitat နှင့် နိုင်ငံတကာ NGO အဖွဲ့ အစည်းများမှခေါင်းဆောင်များ၊ မြို့တော်ဝန်များ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် နိုင်ငံအသီးသီးမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ပညာရှင်များ တက်ရောက်ခဲ့ပါသည်။ အောက်တိုဘာလ ၆ရက် နေ့တွင် ကမ္ဘာလုံးဆိုင်ရာဆွေးနွေး ဝိုင်းများကို အွန်လိုင်းစနစ်ဖြင့် ပထမဆုံး ကျင်းပပြုလုပ်ပါ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ခရီး သွားလာမှုများ ကန့်သတ်ထားသည့်အတွက် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် အွန်လိုင်း Zoom Meeting ဖြင့် အစည်းအဝေးကို တက်ရောက်ခဲ့ကြပါသည်။

အောက်တိုဘာလ မြို့ပြလှုပ်ရှားမှု Urban October

Urban October ဟူသည် မြို့ကြီးများနှင့် မြို့ငယ် များတွင် ပြောင်းလဲတိုးတက်လာမှု မြန်ဆန်ခြင်းတို့နှင့် အတူ ဖြစ်ပေါ်လာတတ်သော အခွင့်အလမ်းနှင့် စိန်ခေါ်မှု များကို လူတိုင်းပါဝင်ဆွေးနွေးနိုင်မည့် အစီအစဉ်ကောင်း တစ်ခုဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ မြို့ပြ၏ အလေ့ အကျင့်ကောင်းများနှင့် ဖြေရှင်းချက်များကို လူအများ ပိုမိုသိရှိ နားလည်နိုင်လာစေရန်အတွက် ရည်ရွယ်ပါသည်။ ရေရှည်တည်တံ့သော မြို့ပြဖြစ်ထွန်းလာမှုများနှင့် ပတ်သက်ပြီး စိတ်ပါဝင်စားသူများ အားလုံးပါဝင်နိုင်သော လုပ်ဆောင်မှု၊ လှုပ်ရှားဆောင်ရွက်မှုများအပြင် ဆွေးနွေး ပွဲများကို UN-Habitat က ကြီးမှူး၍ ကမ္ဘာ့မြို့တော်များ တွင် နှစ်စဉ် အောက်တိုဘာလအတွင်း နှစ်အလိုက် ဆောင်ပုဒ် တစ်ခုစီပြောင်း၍ ကျင်းပပြုလုပ်ပါသည်။ 

၂၀၂၀ ပြည့်နှစ် World Habitat Day ၏ ဆောင်ပုဒ်မှာ “အားလုံးအတွက်အိမ်ရာ - ကောင်းမွန်သော မြို့ပြအနာဂတ်” (Housing for All - For the Better Urban Future) ဖြစ်သည်။ ယခုနှစ်ဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ ကြောင့် အိမ်ရာကဏ္ဍအပေါ် အကျိုးသက်ရောက်မှု၊ လူ့အခွင့်အရေး နှင့် သာယာဝပြောမှု၏ အခြေခံအုတ်မြစ်အထောက်အပံ့ အဖြစ် အိုးအိမ်အခန်းကဏ္ဍကို ပိုမိုကောင်းမွန်အောင် ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုသည့်အကြောင်း အရာများ ဖြစ်သည်။ 

အဆိုပါ World Habitat Day အခမ်းအနားနှင့် အွန်လိုင်းဆွေးနွေးဝိုင်းများတွင် မြန်မာနိုင်ငံဆောက်လုပ် ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်လေ့လာခွင့်ရရှိသည်။ World Habitat Day ကို ကမ္ဘာတစ်ဝန်း နိုင်ငံ ၄၄ နိုင်ငံရှိ မြို့ပေါင်း ၅၇ မြို့တွင် UN-Habitat နှင့်ပူးပေါင်း၍ အသီးသီးကျင်းပ ပြုလုပ်ကြောင်း သိရှိရပါသည်။ စာရေးသူအနေဖြင့် လေ့လာ တွေ့ရှိချက်များ ပြန်လည်ဝေမျှရင်း ကမ္ဘာလုံးဆိုင်ရာ မြို့ပြ လုပ်ငန်းစဉ်သစ် - New Urban Agenda (NUA)၊ ကမ္ဘာ့မြို့ များနေ့တို့နှင့်စပ်လျဉ်းသည့် ဗဟုသုတများ၊ မြန်မာနိုင်ငံ၏ အနေအထား၊ ဆောင်ရွက်မှု၊ လက်တွေ့မည်သို့ ပြန်လည် အသုံးချနိုင်မည် စသည်တို့ကို ရေးသားတင်ပြသွားရန် ရည်ရွယ်ပါသည်။

ကိုဗစ်-၁၉ နှင့်မြို့များ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မြို့တော် များ၊ မြို့များ၊ ရွာ‌များနှင့် လူထုများမှာ ထိတ်လန့်ဖွယ် ရာများ ကြုံတွေ့ခဲ့ကြရသည်။ ယခုအခါ တစ်ကမ္ဘာလုံးမှာ လူတွေ မိမိနေအိမ်ထဲမှာပဲ လက်သေချာဆေးရင်း နေထိုင် ကြဖို့အခြေအနေက နေအိမ်သည် ကိုဗစ်ရောဂါကို ခုခံ တွန်းလှန်နိုင်ဖို့ နေရာတစ်ခုအဖြစ် ရှေ့တန်းမှာရှိနေသည်ကို အကျယ်တဝင့် အသိအမှတ်ပြုလာကြပါသည်။ သို့သော် လည်း ရေ၊ မီးမပြည့်စုံ ကျပ်သိပ်နေသည့် ပျံကျရပ်ကွက်မှာ နေကြရသူများ၊ အိမ်ရာမဲ့များစသည့် အခြေအနေများနှင့် နေကြရသော လူပေါင်း ၁ ဒသမ ၈ ဘီလီယံ အတွက်ဆိုသည် မှာ လွယ်ကူရှင်းလင်းသည်တော့ မဟုတ်လှပေ။

မြို့ကြီးများ၊ မြို့ငယ်များဟာ အရေးပေါ်ဖြေရှင်းနိုင် သည့် နည်းလမ်းများနှင့် အိမ်ရာမဲ့များအတွက် နေစရာများ၊ ရောဂါမကူးစက်အောင် ခွဲခြားပေးထားသည့်နေရာများ၊ ဝင်ငွေပုံမှန်မရှိသူများအတွက် စားစရာနှင့် အကူအညီများ ကို ပေးဝေလျက်ရှိပါသည်။ အိုးပိုင်အိမ်ပိုင်မရှိ ကိုယ့်နည်း ကိုယ့်ဟန်နှင့် ငှားရမ်းနေထိုင်ရသော ချို့တဲ့သူများအတွက် အိမ်ငှားခမတတ်နိုင်လို့ နှင်ထုတ်မောင်းချခံရမယ့် အခြေ အနေတွေကနေလည်း ကာကွယ်ပေးဖို့ လိုအပ်လာသည်။ သည်လိုအခြေအနေမျိုးမှာ ယာယီဖြေရှင်းနည်းတွေ ဆောင်ရွက်ပေးရသလို ရေရှည်မှာ လုပ်ဆောင်ရမည့်မူဝါဒ များလည်းချမှတ်ရန် လိုအပ်လာပါသည်။

တစ်ချိန်တည်းမှာပင် ပြည့်စုံကောင်းမွန်တဲ့အိမ်ရာကို ပေးဝေဖြန့်ဖြူးနိုင်ဖို့ ဆိုရာမှာ - ပြည်ထောင်စုအစိုးရ၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရများ၊ လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိက၊ ဒေသခံလူထုအားလုံး ကိုယ့်အပိုင်းနဲ့ကိုယ် အတူတကွ လုပ်ဆောင်ရမယ်ဆိုတာကိုလည်း အားလုံးထင်ရှား သိမြင် လာပါသည်။ ထို့ကြောင့် ၂၀၂၀ပြည့်နှစ် ကမ္ဘာ့လူနေမြို့ရွာနေ့ (World Habitat Day 2020) သည် ကိုဗစ်-၁၉ ကပ်ဘေးရဲ့ အကျိုးသက်ရောက်မှုနှင့် လူနေမြို့ရွာတွေကို ဘယ်လိုပိုမို ကြံ့ခိုင်အောင် ပုံသွင်းလုပ်ဆောင်ကြမလဲဆိုသော အရေး ကြီးတဲ့ အခွင့်အလမ်းကို ထင်ဟပ်ပြသနေသည့်အတွက် “လူတိုင်းအတွက် အိုးအိမ်နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ် မြို့ပြဆီသို့” ဟူသောဆောင်ပုဒ်ဖြင့် နိုင်ငံ၊ အဖွဲ့အစည်း အသီး သီးမှ ပါဝင်ဆွေးနွေးကြသည်ကို လေ့လာခွင့်ရရှိခဲ့ပါ
သည်။

World Habitat Day 2020 မိန့်ခွန်းများမှ 
ကောက်နုတ်ချက်များ

“၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ သီတင်းငါးပတ် တွင် “လူတိုင်းအတွက် အိုးအိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုများကို UN-Habitat က လုပ်ဆောင်ရာမှာ နေစရာအိမ်ဆိုတာ အမိုးအကာမျှသာမဟုတ်၊ ကျန်းမာ ရေးနှင့် လုံခြုံရေးအတွက် ဘေးရန်ကင်းရှင်းဖို့လိုအပ်ပြီး ကောင်းမွန်ပြည့်စုံရမယ်ဆိုတဲ့အချက်ကို ဦးတည်ပါတယ်။ နေစရာအိမ်ဟာ ကျေနပ်ဖွယ်၊ ပျော်ရွှင်ဖွယ်ပိုင်ဆိုင်မှုတွေ နဲ့ နေထိုင်စရာတစ်ခုဖြစ်ဖို့နဲ့ အလုပ်အကိုင်၊ စားစရာ၊ ကျောင်း၊ ဆေးရုံ၊ ကစားကွင်း၊ ပန်းခြံ စတာတွေနဲ့လည်း လက်လှမ်းမီတဲ့နေရာဖြစ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်” 
“ထို့ကြောင့် ကျွန်မတို့ရဲ့ မြို့တွေ၊ လူ့အဖွဲ့အစည်း တွေ သူတို့ကို ကြံ့ခိုင်အောင် အသွင်ပြောင်းလဲလုပ်ဆောင် ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်(၁၁) (SDG-11) ရဲ့ ရည်မှန်း ချက်အားလုံးပြည့်မီဖို့အတွက် အလုံးစုံပါဝင်ပြီး ပြည့်စုံ သော၊ တတ်နိုင်စွမ်းသော၊ ကောင်းမွန်သော အိမ်ရာသည် အဓိကဗဟိုချက် ဖြစ်လာပါတယ်။ ထို့အတွက် လက်ရှိ အကျပ်အတည်းကို ရင်ဆိုင်တုံ့ပြန်ဖို့၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ မျှဝေဖို့၊ အင်အားတွေပေါင်းစည်းပြီး လူတိုင်းအတွက် အနာဂတ်မြို့များကို ဖန်တီးကြဖို့ World Habitat Day မှာ ယခုကစ၍ အချိန်ကျ‌ရောက်ပါပြီ” ဟု UN-Habitat အမှုဆောင်ညွှန်ကြားရေးမှူး Ms.Mamunah Mohd Sharif က အဖွင့်အမှာစကားမှာ ပြောကြား တိုက်တွန်းခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres က “ကျွန်တော်တို့ဟာ အထိခိုက်မခံတဲ့၊ မညီမျှတဲ့ အခြေအနေတွေပေါ်ပေါက်စေတဲ့ ကပ်ဘေးကို တွန်းလှန်နေကြရသလို ရာသီဥတုပြောင်းလဲမှုနဲ့လည်း ရင်ဆိုင်တိုက်ပွဲဝင်နေရတယ်။ ယခုအခါမှာ လူသားနဲ့ ကမ္ဘာမြေ အကျိုးအတွက် မြို့ပြအသွင်ကူးပြောင်းခြင်းရဲ့ အခွင့်အလမ်းကို ချိတ်ဆက်ရယူဖို့ဖြစ်တယ်” ဟု ပြောကြားပြီး မြို့များမှာ အိုးအိမ်နေရာထိုင်ခင်းတွေကို အဖွဲ့အစည်းများ ပူးပေါင်းမှု၊ ချို့တဲ့နွမ်းပါးသူများအတွက် မူဝါဒနှင့်လုပ်ထုံးများချမှတ်၍ တွန်းအားပေးမှုတို့ဖြင့် ပိုမိုကောင်းမွန်အောင် တိုးမြှင့်အားထုတ်လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့ပါသည်။

အင်ဒိုနီးရှားသမ္မတ Mr.Joko Widodo က “မြို့များ သည် စီးပွားရေးတိုးတက်မှုနဲ့ လူတို့၏ အလုပ်အကိုင်၊ ဝင်ငွေ၊ နေထိုင်မှုတို့ကို ဦးတည်ဖန်တီးပေးနိုင်တဲ့ ဗဟိုချက် နေရာများဖြစ်သကဲ့သို့ မြို့ပြကြီးထွားဖြစ်ထွန်းမှုဟာ ကြီးမားတဲ့ ကနဦးအခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ဗီဒီယိုမှတစ်ဆင့်ပြောကြားခဲ့ပြီး “လူတိုင်းအတွက် အိမ်ရာ”ဆိုတဲ့အဆိုဟာ ကျွန်တော်တို့အားလုံးအတွက် မှန်ကန်တဲ့အချက်ဖြစ်ပါသည်။ နေစရာအိမ်ဆိုတာ အ‌ခြေခံ လိုအပ်ချက်တစ်ခုလို့ အများကလက်ခံထားသလို အင်ဒိုနီးရှားနိုင်ငံအစိုးရအနေနဲ့လည်း လူတိုင်းအတွက် သင့်တော်ကောင်းမွန်သော နေအိမ်များရရှိဖို့ အာမခံချက် ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု မိန့်ခွန်းပြောကြားခဲ့ပါသည်။ 

ဆွေးနွေးပွဲတွင် ကမ္ဘာ့လူဦးရေ၏လေးပုံတစ်ပုံမှာ အာရှ-ပစိဖိတ်ဒေသတွင်း ပျံကျရပ်ကွက်များတွင် စံချိန် မမီ အဆင့်နိမ့်စွာနဲ့ နေထိုင်နေကြရကြောင်း၊ “စံမမီ ပျံကျရပ်ကွက်မရှိသောမြို့များ”(Cities without Slum) ဟူသော အနာဂတ်မျှော်မှန်းချက်တစ်ခုကို အသိအမှတ်ပြု ဖန်တီးရန်၊ လူအများတတ်နိုင်ပြီး ကောင်းမွန်ပြည့်စုံ သော အိမ်ရာနဲ့ ပျံကျလူနေရပ်ကွက်များ အဆင့်မြှင့်တင် ခြင်းများကို လုပ်ဆောင်ပေးနိုင်ရန်၊ နိုင်ငံအစိုးရများက အများပြည်သူနဲ့ သက်ဆိုင်တဲ့ များပြားကြီးမားသောရင်းနှီး မြှုပ်နှံမှုများကို လိုအပ်သလို ဆောင်ရွက်ပေးရန် တိုက်တွန်းကြပါသည်။ ဒါဟာလည်း ယခုကပ်ဘေးသင့် နေသောအချိန်နဲ့ ကပ်ဘေးက လွန်မြောက်သည့် အချိန် တွင် ချို့တဲ့ပြီးမတတ်နိုင်တဲ့အုပ်စုတွေအတွက်ပါ ကိုယ်ရော စိတ်ပါကျန်းမာရေးကို ဖြည့်ဆည်းပေးတဲ့ နေထိုင်စရာ အိုးအိမ်ကို ရရှိစေရေးအတွက်ဖြစ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ၏ လူမှုစီးပွားရေးရာ ကော်မရှင် အမှုဆောင်အတွင်းရေးမှူးက ပြောကြားခဲ့ပါ သည်။

မြို့များနှင့်နေအိမ်ကိုဗဟိုပြု၍ ကောင်းမွန်ပြည့်စုံ သောနေအိမ်ကို လူတိုင်းအတွက် ဖန်တီးဖြည့်ဆည်းပေး ရန် အရေးကြီးသည်ဆိုသည့်အချက်ကို အသိအမှတ်ပြုပြီး ကိုဗစ်-၁၉ ကပ်ရောဂါ၏ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်နေ မှုများကို အခွင့်အလမ်းတစ်ရပ်အနေဖြင့် အားလုံး ပူးပေါင်းဖြေရှင်းကြရန်၊ အထူးသဖြင့် ချို့တဲ့သူများ၊ ပျံကျရပ်ကွက်များကိုလည်း မချန်လှပ်ဘဲ မည်သူတစ်ဦး တစ်ယောက်မျှ၊ မည်သည့်နေရာကိုမျှ မကျန်စေရအောင် လုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များက တိုက်တွန်း ခြင်းဖြစ်ပေသည်။

World Habitat Day (2020) ဆုချီးမြှင့်ခြင်း

World Habitat Day (2020) အခမ်းအနားတွင် အိမ်ရာဖြင့် မြို့ပြလူနေမှုဘဝများကို မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်မှုများအတွက် ဆုချီးမြှင့်ပွဲကျင်းပရာ နိုင်ငံ ငါးနိုင်ငံ (ကိုလံဘီယာ၊ မလေးရှား၊ နီပေါ၊ ယူဂန်ဒါ၊ မက္ကဆီကို) တို့မှ UN-Habitat က ပေးအပ်သည့် ဆုများရရှိကြပြီး ဗီဒီယိုပြကွက်များဖြင့် တင်ပြရှင်းလင်းကြပါသည်။ 

- ကိုလံဘီယာနိုင်ငံ မြို့ပြနှင့်အိမ်ရာဝန်ကြီးဌာန (Ministry of Housing and Cities)က အိမ်ရာ မလုံလောက်မှု လျှော့ချပေးနိုင်ခြင်း၊ သောက်သုံး  ရေဖြန့်ဖြူးခြင်းနှင့် အိမ်ရာဝယ်ယူရန် ထောက်ပံ့ 
မှုများပေးခြင်း၊
- မလေးရှားနိုင်ငံ ဆူဘန်ဂျာရားမြို့တော် မြူနီ စီပါယ်ကောင်စီ (Subang Jaya Munnicipal Council)က လူထုပါဝင်မှုဖြင့် ဝယ်ယူနိုင်စွမ်း ရှိသောအိမ်ရာကို ဘက်စုံပေါင်းစပ် ပါဝင်သည့်နည်းလမ်းဖြင့် ဆောင်ရွက်သည့်စီမံကိန်း၊
- နီပေါနိုင်ငံ ခတ္တမန္တူမြို့မှ Community Impact Nepal အဖွဲ့က သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် အိမ်ရာဆောက်လုပ်ရေး ပစ္စည်းတစ်ပိုင်တစ်နိုင်ထုတ်လုပ်ငန်းဖြင့် စွန့်ဦးတီထွင်လုပ်ကိုင်မှု၊
- အာဖရိကတိုက် ယူဂန်ဒါနိုင်ငံမှ Upcycle Africaအဖွဲ့က စွန့်ပစ်အမှိုက်မှ အိမ်ရာတည်ဆောက် ခြင်း၊ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ ပညာပေး ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေး ခြင်း အစီအစဉ်၊ 
- မက္ကဆီကိုနိုင်ငံ ECOCASA SHF အဖွဲ့က စွမ်းအင် ချွေတာသည့် နည်းစနစ်နှင့် အိမ်ရာတည်ဆောက် မှု၊ သင့်လျော်သည့်နေအိမ်အတွက် ချေးငွေစနစ် ကို အများလက်လှမ်းမီအောင် ဖန်တီးပေးနိုင်မှု
စသည်တို့အတွက် ဆုများအသီးသီးရရှိခဲ့ပါ သည်။ ဒုတိယနေ့ ဆွေးနွေးဝိုင်းများနှင့် NUA Platform ချမှတ်ခြင်းWorld Habitat Day ဒုတိယနေ့တွင် ကမ္ဘာလုံး ဆိုင်ရာ စကားဝိုင်းသုံးခုနှင့် ဆွေးနွေးပွဲကို အွန်လိုင်းမှ ဆက်လက်ကျင်းပရာ အစိုးရဌာနဆိုင်ရာ ဝန်ကြီးများ၊ ကုလသမဂ္ဂခေါင်းဆောင်များ၊ မြို့တော်ဝန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေး ဝိုင်းခေါင်းစဉ်(၃)ခုမှာ -

(၁) မြို့ပြလုပ်ငန်းစဉ်သစ် - NUA Platform ချမှတ်ခြင်း၊ NUA အကောင်အထည်ဖော်ခြင်းနှင့် တိုးတက်မှုများ၊ လုပ်ဆောင်ချက်များ အစီရင် ခံခြင်းနှင့် ဗဟုသုတမျှဝေခြင်း၊
(၂) ပျံကျနေထိုင်မှုများ/ရပ်ကွက်များ - ဘေးဒဏ် ခံနိုင်ရည်ရှိရေး၊ အားလုံးပါဝင်ရေး၊ ကျား၊ မ တန်းတူညီမျှမှုရှိရေးနှင့် အစိမ်းရောင်စီးပွားရေး ဖြင့် ပြန်လည်ကောင်းမွန်ရေးအတွက် တုံ့ပြန် ဆောင်ရွက်ခြင်း၊
(၃) အိမ်ရာကဏ္ဍကို ကိုဗစ်-၁၉ တုံ့ပြန်မှု၏ ဗဟို ချက်တွင် ထားရှိခြင်းတို့ဖြစ်သည်။

ဆွေးနွေးဝိုင်းများသည် ယနေ့ကမ္ဘာ ကြုံတွေ့ရင်ဆိုင် နေရသည့် အခြေအနေများကို ထင်ဟပ်ပြီး လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ရှေ့လုပ်ငန်းစဉ်များကို ကျယ်ပြန့်စွာ ချပြဆွေးနွေးခြင်းဖြစ်သည်။ မြို့ပြနှင့် အိမ်ရာကဏ္ဍနှင့် ဆက်နွှယ်ပတ်သက်နေသူများအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် နှင့် ဗဟုသုတအလို့ငှာ စားပွဲဝိုင်းဆွေးနွေးချက်များကို အကျဉ်းဖော်ပြသွားပါမည်။

စားပွဲဝိုင်း(၁)မြို့ပြလုပ်ငန်းစဉ်သစ်နှင့် 
အနာဂတ်လုပ်ဆောင်ချက်များကို ခြေရာခံလှုံ့ဆော်ခြင်း

မြို့ပြလုပ်ငန်းစဉ်သစ်(၂၀၃၀)မှာ ကောင်းမွန်သော နေထိုင်မှု၊ လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုရရှိစေရန် အားလုံးပူးပေါင်းပါဝင်၍ မည်သူ တစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ခဲ့ခြင်းမရှိစေရအောင် အကောင်အထည်ဖော်ရေးအတွက် ၂၀၁၆ ခုနှစ်က မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၆ နိုင်ငံ ပါဝင်ကျင်းပသော Habitat III ညီလာခံမှချမှတ်ခဲ့သည့် ပြဋ္ဌာန်းချက်များ ဖြစ်ပါသည်။ 

ယခုအစည်းအဝေးတွင် NUA Platform ကို ဖွင့်လှစ်၍ ကုလသမဂ္ဂအဖွဲ့များ၊ အစိုးရအဖွဲ့အစည်းများ (ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်)၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပညာရပ် ဆိုင်ရာပုဂ္ဂိုလ်များနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ အတူပါဝင်ပြီး NUA နှင့် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals - SDG)ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ NUA သည် SDGs (2030) ကို အကောင်အထည်ဖော်ရန် ချမှတ်ခဲ့ သည့် Action Plan များဖြစ်ပြီး NUA အကောင်အထည်ဖော် ရာတွင် စနစ်တကျအစီရင်ခံရန်၊ တိုးတက်မှုများကို ခြေရာခံ ခြင်းများ ပြုလုပ်ရန်၊ အပြန်အလှန်မျှဝေ၍ ချိတ်ဆက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်မှု အကျိုးရလဒ်များကို အားပေး လှုံ့ဆော်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ကမ္ဘာ့မြို့ပြညီလာခံ (World Urban Forum)ကဲ့သို့ ဆန်းသစ်သည့်ပွဲများ ကျင်းပ ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အခြေခံအစီရင်ခံစာများ ထုတ်ပြန် ခြင်းများ ဆောင်ရွက်သွားရန်ဖြစ်သည်။ 
စကားဝိုင်းတွင် NUA Platform ကို Virtual Tour ဖြင့်ပြသပြီး မြို့ပြလုပ်ငန်းစဉ်သစ် အကောင်အထည်ဖော် ခြင်း(NUA ပုံဖော်ခြင်း)အတွက် စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာသင်တန်းများလည်း ပါဝင်လာမည်ဖြစ်ကြောင်း၊ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်(၁၁)(SDG-11)သည် SDG အချက်အားလုံး၏ နောက်ခံနှင့် အ‌ခြေခံအုတ်မြစ် ဖြစ်ကြောင်းတို့ကို UN-Habitat မှ ဆွေးနွေးပြောကြားပါ သည်။

ပိုလန်နိုင်ငံ Ministry of Development Funds and Regional Policy ဝန်ကြီးကလည်း ပိုလန်နိုင်ငံအတွက် SDGs(2030) နှင့် New Urban Agenda သည် အမျိုးသား မြို့ပြမူဝါဒနှင့် မြို့ပြမူဘောင်များ ချမှတ်ရာတွင် အရေးကြီး ကြောင်းနှင့် 2030 Agenda အကောင်အထည်ဖော်ရေး နည်းစနစ်များကို ရေရှည်ရင်းနှီးမြှုပ်နှံရမည့်အရာတစ်ခုဟု ခံယူထားကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် UN-Habitat မှ ကမကထပြုလုပ်၍ ချမှတ်ထားခဲ့သည့် NUA မူဝါဒ လမ်းစဉ် ကို ဖော်ဆောင်နေမှု၊ တိုးတက်မှုနှင့် စိန်ခေါ်မှု၊ ရင်ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲများ၊ Stakeholder အသီးသီး၏ စုပေါင်းဆောင်ရွက်မှုရလဒ်၊ တိုးတက်မှုရလဒ်များ၏ ညွှန်းကိန်းများ စသည်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ အသင်းအဖွဲ့များမှ အတွေ့အကြုံများကို နှီးနှောဖလှယ် ဆွေးနွေးသွားကြပါသည်။ 

စားပွဲဝိုင်း(၂) ပျံကျနေထိုင်မှုများ/ရပ်ကွက်များ - ဘေးဒဏ် ခံနိုင်ရေး၊ အားလုံးပါဝင်ရေး၊ ကျား၊ မတန်းတူညီမျှမှုရှိရေးနှင့် အစိမ်းရောင် စီးပွားရေးဖြင့် ပြန်လည်ကောင်းမွန်ရေး အတွက် တုံ့ပြန်ဆောင်ရွက်ရေး 

မလေးရှားနိုင်ငံ ဆူရာဘားရားမြို့တော်ဝန် Ms.Tri Rismaharini က “ဆူရာဘားရားမြို့သည် ပျံကျရပ်ကွက် များကို ဖွံ့ဖြိုးမှုစီမံကိန်းအသစ်များအတွက် ဆွဲချဖျက်ဆီး မောင်းထုတ်တာမျိုး ဘယ်တုန်းကမှ အားပေးခြင်းမပြုဘဲ ယင်းအစား ပျံကျနေထိုင်သူများအား မိမိတို့နေထိုင်ရေး အတွက် ပိုမိုကောင်းမွန်သော အခြေအနေများရရှိဖို့ မည်သို့ လုပ်နိုင်သည်ကို သင်ကြားပေးသော အစီအစဉ်များကိုသာ လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု အဖွင့်အမှာစကားပြောကြား ပါသည်။

ယနေ့ လူပေါင်းတစ်ဘီလီယံသည် ဆင်းရဲသား ပျံကျရပ်ကွက်များတွင် နေထိုင်ကြသည်။ ထိုလူဦးရေသည် ၂၀၅၀ပြည့်နှစ်တွင် နှစ်ဘီလီယံအထိ တိုးပွားလာနိုင်ပြီး အာဖရိကတောင်ပိုင်း၊ ဆာဟာရနှင့် အာရှတွင်နေထိုင်သူ လူဦးရေက အချိုးအများဆုံး ဖြစ်လာနိုင်ပါသည်။ ဆယ်စုနှစ် ပေါင်းများစွာ မြို့ပြမှ ဖယ်ကြဉ်ခြင်းခံထားရသည့် ဆင်းရဲ သားရပ်ကွက်တွင် နေထိုင်သူများ၊ အထူးသဖြင့် အမျိုးသမီး နှင့် ကလေးငယ်များသည် ဆင်းရဲမွဲတေမှု၏ မမျှတသော ဝန်ထုပ်ဝန်ပိုးကို သယ်ပိုးနေရသည်။ ဆင်းရဲသား ရပ်ကွက် များတွင် အတည်တကျ အိမ်ရာ၊ ရေ၊ သန့်ရှင်းမှု၊ အမှိုက်သိမ်း စနစ်နှင့် အခြားဝန်ဆောင်မှုများ မရရှိကြပါ။ မြေပိုင်ဆိုင်မှုနှင့် အာမခံချက်မရှိခြင်း၊ စွမ်းဆောင်ရည်၊ အရည်အချင်း၊ ငွေကြေး၊ ကုန်ထုတ်စွမ်းအားမရှိဘဲ အသက်မွေးဝမ်းကျောင်း ပြုရခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ အလွန်နည်းပါးကြပါသည်။ ကိုဗစ်-၁၉ အရေးသည် အဆိုပါ ရှိနှင့်ပြီးသား ထိခိုက်လွယ်သောအုပ်စုများ၏ လူနေမှုအဆင့်အတန်း နိမ့်ပါးခြင်းကြောင့် ၎င်းတို့အပေါ် ဆိုးကျိုးသက်ရောက်မှု ပိုမိုမြင့်တက်လာကြောင်း ထောက်ပြ နိုင်ခဲ့ပါသည်။ ထို့ကြောင့် ထိုအားနည်းချက် များနှင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများတွင် မည်သူ တစ်ဦးတစ်ယောက်နှင့် မည်သည့်နေရာမျှ ချန်လှပ်ထား ခြင်းမရှိအောင် အသွင်အမျိုးမျိုးဖြင့် လုပ်ဆောင်ကြရ ပါမည်ဟု UN-Habitat မှ အလေးအနက်ထား ပြောကြား ခဲ့ပါသည်။

အခြေခံလူတန်းစားများ၏ “New Normality” လူနေမှုပုံစံအတွက် အစိမ်းရောင်စီးပွားရေး (Green Economy) ဖြင့် ပြန်လည်ကောင်းမွန်အောင်ထူထောင်ရေး၊ ဖြေရှင်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အစိုးရများ၊ လူမှုအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက ဆန်းသစ်တီထွင်သော နည်းစနစ်များဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ “ပျံကျနေထိုင် မှုများ/ရပ်ကွက်များ - ဘေးဒဏ်ခံနိုင်ရည်ရှိရေး၊ အားလုံး ပါဝင်ရေး၊ ကျား၊ မတန်းတူညီမျှမှုရှိရေးနှင့် အစိမ်းရောင် စီးပွားရေးဖြင့် ပြန်လည်ကောင်းမွန်ရေးအတွက် တုံ့ပြန် ဆောင်ရွက် ရေး” ဟူသော အဖြေတစ်ခုကို အစပြုနိုင်သည့် အခွင့်အလမ်းကောင်းတစ်ခုကို ရရှိခဲ့ပါသည်။

ပြည်သူ-အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (PPPPs) ကို ဖော်ဆောင်ခြင်းဖြင့် ဒေသတွင်း ဆန်းသစ် တီထွင်မှု၊ အလုပ်အကိုင်နှင့် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်း များကို ရရှိနိုင်မည်ဖြစ်ပြီး ရေရှည်တည်တံ့သည့် လူနေမှု ပတ်ဝန်းကျင်ကောင်းတစ်ခုကို အခိုင်အမာ တည်ဆောက် နိုင်မည် ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော မြို့ပြအနာဂတ် အတွက် ရေရှည်တည်တံ့သော ပြည်သူဗဟိုပြုလူနေမှု ပတ်ဝန်းကျင်ကို ထူထောင်နိုင်ရန် နည်းဗျူဟာ၊ အခွင့် အလမ်းများနှင့် ကနဦးလိုအပ်ချက်များကို အစိုးရမှ PPPPs အသွင်ဖော်ဆောင်၍ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါသည်။ ရပ်ကွက်နေ ပြည်သူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များအတွက် စီးပွားရေးလုပ်ငန်းအသစ်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးပြန်လည်ထူထောင်မှုများ ဆောင်ရွက်နိုင်ရန် အတွက် အစိုးရမှပေါင်းစည်းညှိနှိုင်း၍ အခွင့်အလမ်းများ ဖန်တီးပေးရမည့်အပြင် ထိုသို့ဆောင်ရွက်နိုင်ရန်နှင့် ၎င်းတို့၏ အောင်မြင်တိုးတက်လိုစိတ်ကို ပိုမိုလှုံ့ဆော်စေ နိုင်ရန်အတွက် လက်လှမ်းမီသည့် အိမ်ရာများ တည်ဆောက်ပေးခြင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များဖြစ်သည့် ရေပေးဝေခြင်း၊ မိလ္လာစနစ်၊ အမှိုက်စီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုနှင့် စီးပွားရေး အခြေခံအဆောက်အအုံများ စသည်တို့ကို လိုအပ်ချက်နှင့် အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့ကြပါသည်။ 

ဆက်လက်ဖော်ပြပါမည်