အာဖဂန်အရှေ့ပိုင်းပြည်နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား သုံးဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

၄ ဒီဇင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပတ်ခ်တီအာပြည်နယ် မြို့တော် ဂါဒက်ဇ်မြို့တွင် ယမန်နေ့က ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး အပြစ်မဲ့အရပ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

 

အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးတွဲယာဉ်တန်း ထိုဒေသကို ဖြတ်သန်းမောင်းနှင်နေစဉ်  ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဟေရတ် နီဇာမီက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ပေါက်ကွဲစေတတ်သောပစ္စည်းများ တနင့်တပိုးတင်ဆောင်ထားသောကားကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုဗုံးဖောက်ခွဲမှုနောက်ကွယ်က ပြစ်မှုကျူးလွန်သူများကို ရှာဖွေမှုများလုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

 

ဒဏ်ရာရသူများကို ထိုမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ထိုပေါက်ကွဲမှုကြောင့် ပုဂ္ဂလိကဘဏ်တစ်ခု အပါအဝင် အနီးနားအဆောက်အဦးများ၏ မှန်များနှင့် ပြတင်းပေါက်မှန်ချပ်များလည်း ပျက်စီးသွားခဲ့သည်။

 

အဆိုပါ ကားဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်းမရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို