အာဖဂန်နစ္စတန်အရှေ့ပိုင်း ကားဗုံးပေါက်ကွဲမှု ဖြစ်ပွား

၅ အောက်တိုဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း လာရှ်မန်ပြည်နယ်၏မြို့တော် မက်တာလမ်မြို့တွင် ယနေ့ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူခုနစ်ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ ကားဗုံးပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုဖောက်ခွဲမှုသည် လမ်းမပေါ်တွင် မောင်းနှင်သွားသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးယာဉ်တန်းကို ပစ်မှတ်ထားဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

 

၎င်းအုပ်ချုပ်ရေးမှူးမှာ လွတ်မြောက်သွားသော်လည်း ယာဉ်တန်းစောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် လမ်းသွားလမ်းလာများ ထိခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူရဲအရာရှိတစ်ဦးက ပြောကြားသည်။

 

ကားဗုံးပေါက်ကွဲမှုကြောင့် မီးခိုးလုံးများ ကောင်းကင်ထက်သို့ ပျံ့နှံ့သွားပြီး အထိတ်တလန့်ဖြစ်သွားခဲ့ကြောင်း ထိုရဲအရာရှိက ထပ်လောင်းပြောကြားသည်။

 

လုံခြုံရေးတပ်ဖွဲ့များက ကြိုတင်ကာကွယ်ရေးအစီအမံများပြုလုပ်ရန်အတွက် ထိုနေရာကို ပိတ်ဆို့ထားသည်။

 

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အုပ်စုကမျှ ဝန်ခံပြောကြားခြင်းမရှိပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို