အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် စီးနင်းတိုက်ခတ်မှုဖြစ်ပွား စစ်သွေးကြွ ၂၀ ဦးသေဆုံး

၁၀ ဇူလိုင်

 

အာဖဂန်စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း Kunduz ပြည်နယ်တွင် မြေပြင် ၊ ဝေဟင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့သဖြင့်  စစ်သွေးကြွ အယောက် ၂၀ ကျော်သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Ghulam Hazrat Karimi က ယနေ့ပြောကြားခဲ့သည်။

 

Imam Sahib ခရိုင် Qurghan Tapa နယ်မြေတွင် ယမန်နေ့ညနှောင်းပိုင်းက စစ်သွေးကြွများနေရာကို အာဖဂန်တပ်များက  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၀ ဦး သေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ Ghulam Hazrat Karimi သည် လုံခြုံရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုနှင့်ပတ်သက်ပြီး  ပြောကြားခြင်းမရှိခဲ့ပေ။

 

ထိုအရပ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် စစ်သွေးကြွများသည် ကတုတ်ကျင်းဖြင့် အကာအကွယ်ယူကာ လုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ရာချီရှိသော မိသားစုဝင်များသည်  ၎င်းတို့နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

 

၎င်းစစ်သွေးကြွများဘက်ကမူ ထိုတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိပေ။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို