အာဖရိကနိုင်ငံများဖလား တတိယနေရာလုပွဲ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကင်မရွန်းအနိုင်ရ

အာဖရိကနိုင်ငံများဖလား တတိယနေရာလုပွဲအဖြစ် ဆီမီးဖိုင်နယ်တွင် ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့သည့် ဘာကီနာဖာဆို အသင်းနှင့် အီဂျစ်အသင်းကို ရှုံးနိမ့်ခဲ့သည့် အိမ်ရှင်ကင်မရွန်း အသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ကင်မရွန်းအသင်းက ပယ်နယ်တီ အဆုံးအဖြတ် တွင် ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး တတိယနေရာရယူခဲ့သည်။

ယခုပွဲစဉ်တွင် ဘာကီနာဖာဆိုအသင်းသည် ကင်မရွန်းအသင်းကို မိနစ် ၇၀ နီးပါး သုံးဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးများ ပြန်လည်ခွင့်ပြုပေးခဲ့ရကာ ပွဲအပြီးတွင် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရပြီး အချိန်ပိုတွင်လည်း တစ်ဖက်နှင့်တစ်ဖက် အနိုင်အရှုံး အဖြေမပေါ်သည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရခြင်းဖြစ်သည်။

ပယ်နယ်တီတွင် ကင်မရွန်းအသင်းမှ ကစားသမားအားလုံး ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သော်လည်း ဘာကီနာဖာဆိုအသင်းမှ ဘလာတီတိုရေး ဂိုးဝင်အောင် သွင်းယူနိုင်ခြင်းမရှိသည့်အတွက် ကင်မရွန်း အသင်းက ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုပွဲစဉ်တွင် ကင်မရွန်းအသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သော အဘူဘက်ကာသည် ခုနစ်ပွဲတွင် ရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဘူဘက်ကာသည် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဂိုးအများဆုံးသွင်းယူထားသူစာရင်းတွင် ရှစ်ဂိုးဖြင့် ဦးဆောင်ထားပြီး ၎င်းနောက်တွင် အသင်းဖော် အီကမ်ဘီက ငါးဂိုးဖြင့် ဒုတိယ၊ ဆီနီဂေါအသင်းမှ မာနေးက သုံးဂိုးဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

မောင်ဇော်