အက်ဒီးစ်အဘာဘာ ဇွန် ၂၇
ဇွန် ၂၆ ရက် ညနေပိုင်းအထိ ရရှိထားသည့်ကိန်းဂဏန်းများအရ အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၇၇၀၅၃၇ ဦးရှိလာကြောင်း အာဖရိကကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ပြောကြားသည်။
အလားတူ အာဖရိကတိုက် တစ်တိုက်လုံးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ၂၅၃၉၉၄ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၁၂၀၇၇၆၆ ဦးရှိလာကြောင်း အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ထပ်မံပြောကြားသည်။
အာဖရိကတိုက်ရှိ ကိုဗစ်-၁၉ ရောဂါ အများဆုံးဖြစ်ပွားသည့်နိုင်ငံများမှာ တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီဂျစ်နိုင်ငံတို့ဖြစ်ပြီး တောင်အာဖရိကနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၉၉၁၉၄၄ ဦးရှိကာ အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးထိခိုက်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ ထို့အပြင် မော်ရိုကိုနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၂၀၂၄၆၁ ဦးရှိပြီး တူနီးရှားနှင့် အီဂျစ်နိုင်ငံတို့က အသီးသီးလိုက်ကြကြောင်း သိရသည်။
အာဖရိကတိုက်ရှိ ဒေသအလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ အာဖရိကတိုက်၏ တောင်ဘက်ဒေသက တစ်တိုက်လုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး အာဖရိကတိုက်၏ မြောက်ဘက်နှင့် အရှေ့ဘက်ဒေသများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ဒုတိယအများဆုံးနှင့် တတိယအများဆုံးအဖြစ် အသီးသီးလိုက်ကာ အလယ်အာဖရိကဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းအနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ