အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ပြန်လည်ကျင်းပရန် စီစဉ်

၁ နိုဝင်ဘာ 

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အာရှဖူဆယ် ကလပ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည်။

ယင်းပြိုင်ပွဲကို ယခုနှစ်အတွင်း နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသလို ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပရန် မဖြစ်နိုင်သဖြင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၄ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး မြန်မာကလပ်အဖြစ် VUC  အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားသည်။ ယင်းပြိုင်ပွဲကို အာရှဒေသတွင်းမှ ကလပ်အသင်း ၁၆ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လိဂ်ချန်ပီယံအသင်းများဖြင့် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU အသင်း ဗိုလ်စွဲခဲ့သော်လည်း အာဆီယံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သဖြင့် ဒုတိယရသည့် VUC အသင်းက အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ VUC အသင်းသည် ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး သုံးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

မြန်မာဖူဆယ်ကလပ် အသင်းများသည် အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် ၂၀၁၈ ခုနှစ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ယင်းပြိုင်ပွဲကိုမူ ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည်။ ကျင်းပပြီးစီးထားသည့် ၁၀ ကြိမ်တွင် ဂျပန်၊ အီရန်နှင့် ထိုင်းကလပ် အသင်းများက ဗိုလ်စွဲထားကြောင်း သိရသည်။

သတင်း-ညီမြတ်သော်တာ