အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် မြန်မာအသင်း ဇွန်လကုန်စတင်လေ့ကျင့်မည်

ရန်ကုန် ၂၂ မေ

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲအတွက် ဇွန်လကုန်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှု ရပ်နားထားခြင်းဖြစ်ပြီး ကစားသမားများမှာ ကလပ်အသင်းပွဲများ ကစားနေရသောကြောင့် ဇွန်လကုန်မှ လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပဏာမကစားသမား ၃၀ ဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားသည့် နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ နောက်ပိုင်း တစ်ကျော့ပြန် ခြေစစ်ပွဲအောင်ခြင်းဖြစ်ပြီး  ပြိုင်ပွဲတွင် ခြေစွမ်းအဆင့်မီစွာ ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်သွားမည်ဖြစ်သည်။ 

မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို မေ ၂၃ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး အာရှအသင်းကြီးများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့် အိမ်ရှင်ထိုင်း၊ လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယားနှင့် တရုတ်အပါအဝင် ခြေစစ်ပွဲအောင်မြင်လာသည့် သြစတြေးလျ၊ တောင်ကိုရီးယား၊ မြန်မာနှင့် ဗီယက်နမ် စုစုပေါင်း ရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် နောက်ဆုံးအဆင့်ပြိုင်ပွဲမတိုင်မိ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အာရှထိပ်သီးအသင်းများနှင့် တွေ့ဆုံရ မည်ဖြစ်သောကြောင့် အာရှအင်အားကြီးအသင်းများနှင့် ခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်