အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုကျပ်အတွင်း ကျရောက်

ရန်ကုန်  ၂၃  မေ

မြန်မာအသင်းယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို မေ ၂၃ ရက်က ပြုလုပ်ရာ မြန်မာအမျိုးသမီးအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သည်။ 

နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားသည့်လေးသင်း၊ ခြေစစ်ပွဲအောင်လေးသင်း၊ စုစုပေါင်းရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (ခ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားအသင်းတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (က) တွင် အိမ်ရှင်ထိုင်း၊ မြောက်ကိုရီးယား၊ သြစတြေးလျနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်နေသည်။

ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို နှစ်ရက်ခြားတစ်ပွဲ ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည်အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဂျပန်အသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် တရုတ်အသင်း၊ နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်း
သည် အိမ်ရှင်ထိုင်းပါဝင်သည့် အုပ်စုတွင်ပါဝင်ခြင်းမရှိသောကြောင့် အာရှထိပ်သီးအသင်းများနှင့်သာ ကျရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် ရုန်းကန်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် သုံးကြိမ်တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 

မြန်မာအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ နီပေါတို့နှင့် ကျရောက်ခဲ့ပြီး သြစတြေးလျအသင်းနှင့်အတူ ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

 အုပ်စုပွဲများကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃ ရက်၊ ဆီမီးဖိုင်နယ်ပွဲများကို နိုဝင်ဘာ ၆ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို နိုဝင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်