အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာအသင်း စက်တင်ဘာ ၁၂ ရက် တွင် စတင်လေ့ကျင့်မည်

၉ စက်တင်ဘာ 


မြန်မာ ယူ-၁၉ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာအသင်းသည် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့်၂၀၁၉ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး တစ်ပတ်ကျော်ရပ်နားပြီးမှ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။


မြန်မာ ယူ-၁၉ အသင်းသည် ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မည်ဖြစ်ပြီး အသင်းနှင့် အံမဝင်သည့်ကစားသမားများကို အပြောင်းအလဲပြုလုပ်သွားမည်ဖြစ်သည်.။ ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမား ၂၃ ဦးကို အခြေခံကာ ချန်လှပ်ခဲ့သည့် ကစားသမားများဖြင့် ပြန်လည်ပူးပေါင်းကာ လေ့ကျင့်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိကျင်းပမည့် တရုတ်တိုင်ပေဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်တိုဘာတွင်လည်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ယခုနှစ်အတွင်း ဖိတ်ခေါ်ပြိုင်ပွဲနှင့် အဓိကနိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ၊အာဆီယံ ယူ-၁၈ ပြိုင်ပွဲအပြင် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် MNL ယူ-၂၁ ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲနှင့် MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည်။ မြန်မာအသင်း ယှဉ်ပြိုင်မည့်၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ တောင်ကိုရီးယား၊ တရုတ်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။


မြန်မာ ယူ-၁၉ အသင်းတွင် နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊နောက်တန်း-သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမှူး၊ ကောင်းခန့်ကျော်(၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း-ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ရှေ့တန်း-လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခ၊ ရဲထက်အောင်၊ ကောင်းဇင်မိုးတို့ ပါဝင်ကြသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်