အာရှစနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကစားသမား နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်နေ

ရန်ကုန်   မတ်   ၁၄

ကာတာနိုင်ငံ ဒိုဟာမြို့၌ မတ် ၁၂ ရက်မှစ၍ ကျင်းပနေသည့် ၂၀၂၂ အာရှစနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာစနူကာကစားသမားများဖြစ်သည့် အောင်ဖြိုးနှင့် ဝင်းကိုကိုသည် မတ် ၆ ရက်မှ ၁၁ ရက်အထိ ကာတာနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့စနူကာချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် ယခုပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် ကမ္ဘာ့ပြိုင်ပွဲအပြီးတွင် အာရှပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အောင်ဖြိုးက ၃၂ ဦး ရှုံးထွက်အဆင့်နှင့် ဝင်းကိုကိုက အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ဝင်းကိုကိုသည် အုပ်စု (F) တွင် ကာတာ၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်ကစားသမားများနှင့် ကျရောက်နေပြီး နှစ်ပွဲကစား နှစ်ပွဲအနိုင်ရထားသည်။ ဝင်းကိုကိုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အာမက်ကို လေးပွဲပြတ်၊ ပါကစ္စတန်နိုင်ငံသား ဆာကွာကို လေးပွဲပြတ်တို့ဖြင့် အနိုင်ရထားသည်။ အောင်ဖြိုးမှာမူ အုပ်စု (L) တွင် ထိုင်း၊ ကာတာ၊ ပါကစ္စတန်ကစားသမားများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး မတ်၁၂ ရက်က ကစားသည့် အုပ်စုပထမပွဲတွင် ပါကစ္စတန်ကစားသမား အာဆစ်ဖ်ကို ၄-၃ ပွဲဖြင့် အရေးနိမ့်ခဲ့သည်။

ကာတာနိုင်ငံအနေဖြင့် ကမ္ဘာ့စနူကာချန်ပီယံရှစ် ပြိုင်ပွဲအပြီးတွင် ၂၀၂၂ အာရှ ဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဆက်လက်ကျင်းပခြင်းဖြစ်ပြီး အာရှဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် စနူကာပြိုင်ပွဲကို စတင်ကျင်းပခြင်းဖြစ်သည်။ အာရှစနူကာပြိုင်ပွဲကို မတ် ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။ အာရှဘိလိယက် ပြိုင်ပွဲကို မတ် ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။  

ရဲရင့်လွင်