အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်အဖြစ် ဆီရက်စ်နှင့် ရန်ကုန်အသင်း ဖေဖော်ဝါရီ ၅ ရက်တွင်  ယှဉ်ပြိုင်မည်

၄ ဖေဖော်ဝါရီ

 

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် ကလပ်အသင်းပြိုင်ပွဲများအနက် အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကြိုခြေစစ်ပွဲ ပထမအဆင့်ပွဲများကို ဖေဖော်ဝါရီ ၅ ရက် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။    

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲများကိုလည်း ဇုန်အလိုက်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အရှေ့အာရှဇုန်၏ အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။ ခြေစစ်ပွဲများကို တစ်ကျော့တည်းသာ ကျင်းပမည်ဖြစ်ပြီး ကလပ်အသင်းများ၏ အဆင့်သတ်မှတ်ချက်များအပေါ်မူတည်၍ အိမ်ကွင်း၊ အဝေးကွင်းကစားရခြင်းဖြစ်သည်။ အရှေ့အာရှဇုန် အကြိုခြေစစ်ပွဲ ပထမအဆင့်အဖြစ် ဆီရက်စ် (ဖိလစ်ပိုင်) နှင့် ရန်ကုန် (မြန်မာ)၊ ဟုမ်းယူနိုက်တက် (စင်ကာပူ) နှင့် ပါဆီဂျာဂျကာတာ (အင်ဒိုနီးရှား) တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အဝေးကွင်းကစားရမည်ဖြစ်သောကြောင့် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်တက်ရောက်ရန် ရုန်းကန်ရဖွယ်ရှိနေပြီး ဆီရက်စ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါက ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ဒုတိယအဆင့်တွင် ကစားရမည်ဖြစ်သည်။ ရန်ကုန်နှင့် ဆီရက်စ်အသင်းသည် ၂၀၁၈ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံခဲ့ဖူးပြီး ရန်ကုန်အသင်းသည် ပထမအကျော့အဝေးကွင်းပွဲတွင် လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းပွဲတွင် သုံးဂိုး-နှစ်ဂိုးဖြင့် ပြန်အနိုင်ရသော်လည်း နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-ငါးဂိုးဖြင့်ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ 

 

ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်ပါက AFC Cup တွင် အခြားအသင်းတစ်သင်းက အစားထိုးယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆီရက်စ်နှင့် ရန်ကုန်အသင်းသည် မနက်ဖြန် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်