အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်တွင် ရန်ကုန်အသင်း အဝေးကွင်း၌ အနိုင်ရ

၅ ဖေဖော်ဝါရီ

 

၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို ယနေ့ညနေပိုင်းက ကျင်းပရာ ဖိလစ်ပိုင်နိုင်ငံ ဘာကိုလော့မြို့၌ သွားရောက်ယှဉ်ပြိုင်ရသည့် ရန်ကုန်အသင်းသည် အိမ်ရှင်ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဒုတိယအဆင့်သို့ တက်ရောက်သွားသည်။

 

မြန်မာကလပ်အသင်းများနှင့် တွေ့ဆုံတိုင်း ရလဒ်ကောင်းရယူထားသည့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းသည် ယခုအကြိမ်တွင် ရန်ကုန်အသင်းကို အိမ်ကွင်း၌ အရှုံးပေးခဲ့ရသည်။

 

ရန်ကုန်အသင်းသည် ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ကစားရခက်ခဲသည့် ဆီရက်စ်အသင်းကို အနိုင်ယူကာ အကြိုခြေစစ်ပွဲဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

 

ရန်ကုန်အသင်းသည် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်သည့်  MNL အမှတ်ပေးပြိုင်ပွဲတွင် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ ထိုက်ထိုက်တန်တန် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန်အသင်းတွင် နိုင်ငံခြားသားကစားသမားသုံးဦး အပါအဝင် လူစုံပါဝင်ခဲ့ပြီး ပြည်တွင်းပွဲများတွင် ပွဲပယ်ပြစ်ဒဏ်များကြောင့် ပါဝင်နိုင်ခြင်းမရှိသည့် ဂိုးသမားကျော်ဇင်ထက်နှင့် ဘယ်နောက်ခံလူ မင်းကျော်ခန့်တို့ ပြန်ပါလာသောကြောင့် ခံစစ်ပိုကောင်းသွားခြင်း ဖြစ်သည်။ ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ခံစစ်တွင် လူငယ်ကစားသမားနှစ်ဦးဖြစ်သည့် သူရိန်စိုးနှင့် ပြည့်ဖြိုးဇော်တို့ကို ရဲရဲဝံ့ဝံ့ ပွဲထုတ်ခဲ့ပြီး ဆီရက်စ်တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည်။ 

 

ဆီရက်စ်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသလို ရန်ကုန်အသင်းကလည်း ခံစစ်ကိုအားမပြုဘဲ တိုက်စစ် အပြန်အလှန် ကစားခဲ့သည်။ ပြည်တွင်းပွဲများတွင် ပုံစံကောင်းရရန် ရုန်းကန်နေရသည့် ရန်ကုန်အသင်းသည် ယခုပွဲတွင် အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပြီး ၂၉ မိနစ်တွင် မီလာက ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သည်။ 

 

ယင်းနောက်ပိုင်းတွင် ဆီရက်စ်အသင်းက ချေပဂိုးရရန် ကြိုးပမ်းလာသော်လည်း ရန်ကုန်ဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်နေ၍ ပထမပိုင်းပြီးခါနီးမှ ချေပဂိုးပြန်ရခဲ့သည်။ ယင်းဂိုးကို ၄၄ မိနစ်တွင် စတီဖင်က သွင်းယူခဲ့ခြင်း ဖြစ်သည်။ 

 

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး၏ ကစားပုံကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ၅၉ မိနစ်တွင် ကောင်းထက်စိုးက အနိုင်ဂိုး သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဆီရက်စ်အသင်းက ချေပဂိုးရရန် ကြိုးစားသော်လည်း ရန်ကုန်အသင်းခံစစ်က အမှားအယွင်းမရှိဘဲ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။ 

 

ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက် အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 


ညီမြတ်သော်တာ