အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲယှဉ်ပြိုင်ရန် ရန်ကုန်အသင်း ဖိလစ်ပိုင်သို့ ထွက်ခွာ

၃ ဖေဖော်ဝါရီ

 

၂၀၁၉ ရာသီ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ ပထမအဆင့်ယှဉ်ပြိုင်ရန် ရန်ကုန်ယူနိုက်တက် အသင်းသည် ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ ဘာကိုလော့မြို့သို့ ထွက်ခွာသွားပြီး အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ကိုးဦး၊ ကစားသမား ၁၈ ဦး လိုက်ပါသွားသည်။ 

 

ရန်ကုန်အသင်းတွင် အဖွဲ့ခေါင်းဆောင် - ဦးနိုင်ဇော်မင်း၊ အုပ်ချုပ်သူ - ဦးမြင့်သိန်း၊ နည်းပြချုပ် - ဦးမျိုးမင်းထွန်း၊ နည်းစနစ်ဒါရိုက်တာ - ဦးဉာဏ်ဝင်း၊ လက်ထောက်နည်းပြ - ဦးသူရဆွေ၊ ဂိုးနည်းပြ - ဦးဝင်းနိုင်၊ ကစားသမားများအဖြစ် ဂိုး - ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊ နောက်တန်း - မင်းကိုသူ၊ ပြည့်ဖြိုးဇော်၊ ထူးခန့်လွင်၊ သူရိန်စိုး၊ ဇာနည်ထက်၊ မင်းကျော်ခန့်၊ အလယ်တန်း - ရန်အောင်ကျော်၊ ရန်လင်းအောင်၊ သက်ပိုင်စိုး၊ ကောင်းထက်စိုး၊ မောင်မောင်လွင်၊ ကျော်ဇင်ဦး၊ ယာမာဇာကီ၊ ရှေ့တန်း - ဆယ်လာ၊ မီလာ၊ သန်းပိုင်တို့ လိုက်ပါသွားသည်။  ရန်ကုန်အသင်း လူစာရင်းတွင် အမာခံကစားသမားများဖြစ်သည့် ကြည်လင်း (ကြံ့ခိုင်မှုမပြည့်ဝ) နှင့် မိုကာလူး (ဒဏ်ရာ) တို့ ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။ ရန်ကုန်အသင်းသည် ၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲ ပထမအဆင့်အဖြစ် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် ဖေဖော်ဝါရီ ၅ ရက်တွင် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 

ရန်ကုန်အသင်းသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ပါက ဒုတိယအဆင့်တွင် ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း