အာရှမသန်စွမ်း အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် ကစားကွင်းများ အဆင်သင့်ဖြစ်နေပြီဟု အင်ဒိုနီးရှားပြော

ဂျကာတာ ၂၁ စက်တင်ဘာ 

လာမည့် ၂၀၁၈ ခုနှစ် အာရှမသန်စွမ်း အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း အင်ဒိုနီးရှား မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ (INAPGOC) က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

“အာရှမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပမယ့်နေရာအများစုက အဆင်သင့်ရှိနေပါပြီ။ အားကစားကွင်းအ များစုကတော့ မကြာသေးမီက ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ အားကစားကွင်းတွေ ဖြစ်ပါ တယ်” ဟု INAPGOC အားကစားဌာနမှ ညွှန်ကြားရေးမှူး ဖန်နီရီဝမ်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြော ကြားခဲ့သည်။ 

ဂျကာတာမြို့တော်တွင် အောက်တိုဘာ ၆ ရက်မှ ၁၃ ရက်ထိ ကျင်းပပြုလုပ်မည့် အာရှမသန်စွမ်း အားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် အားကစားသမားများ တည်းခိုရန်နေရာ ၁၉ ခု ပြင်ဆင်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နေရာ ၈ ခုမှာ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ တင်းနစ်၊ ရေကူး၊ မြှားပစ်နှင့် ဟော်ကီပြိုင်ပွဲများ လက်ခံ ကျင်းပမည့် ဂျကာတာမြို့တောင်ဘက်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ အထင်ကရ ဂီလိုရာဘမ်ကာနို အားကစားကွင်းအ တွင်း တည်ရှိသည်။ အခြား ၁၁ နေရာမှာ စက်ဘီးစီး၊ ဘိုလင်းနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများ လက်ခံကျင်းပမည့် ဂျကာတာမြို့အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ အားကစားခန်းမများအတွင်း တည်ရှိကြသည်။ မသန်စွမ်း အားကစားသမားများနှင့် ပရိသတ်များ တည်းခိုမည့် အသေးစားစီမံကိန်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ဝန်ခံခဲ့သည်။

“ဝှီးချဲအသုံးပြုသူတွေအတွက် သင့်တော်တဲ့ ရေအိမ်သာလိုမျိုးအရာတွေ ထပ်ထည့်ပြီး တည်ဆောက်ဖို့ ကျွန် တော်တို့ လိုအပ်ပါတယ်။” ဟု သူကဆိုသည်။ ၂၀၁၈ ခုနှစ် အာရှမသန်စွမ်း အားကစားပြိုင်ပွဲမှာ ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့၊ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တို့၌ ကျင်းပ ပြုလုပ်ပြီးနောက် တတိယအကြိမ်မြောက် ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။

“The Inspiring Spirit and Energy of Asia” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည့် လာမည့် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၈ မျိုး ပါဝင်မည်ဖြစ်ပြီး အာရှနိုင်ငံပေါင်း ၄၂ နိုင်ငံမှ မသန်စွမ်း အားကစားသမား ၂၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်