အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြို မြန်မာအသင်း ယူအေအီးနိုင်ငံ၌ ခြေစမ်းပွဲကစား

ရန်ကုန်   အောက်တိုဘာ   ၂၅

မြန်မာ ယူ-၂၃ အသင်းသည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် ညပိုင်းက ယူအေအီး ပထမတန်းကလပ် Al Jazeera Al Hamra အသင်းနှင့် ခြေစမ်းပွဲကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် စခန်းဝင်လေ့ကျင့်ပြီးနောက်ပိုင်း ပထမဆုံး ကစားသည့် နိုင်ငံတကာခြေစမ်းပွဲဖြစ်ပြီး သရေရလဒ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲမတိုင်မီ နောက်ဆုံး ပြင်ဆင်မှုဖြစ်သောကြောင့် မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် ပိုပေါ့ဗ်သည် အမာခံ ကစားသမားများကို အသုံးပြုကာ ကစားသမားများ လဲလှယ်အသုံးပြုခဲ့သည်။ မြန်မာ ယူ-၂၃ အသင်း သည် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဒူဘိုင်းမြို့၌ လေ့ကျင့်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် ယူအေအီးနိုင်ငံမှ ခြေစစ်ပွဲကစားရမည့် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ (၂) ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာနှင့် တရုတ်တိုင်ပေ အသင်းတို့ ပါဝင်နေသည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF