အာရှပြည်သူသန်းချီ ကန့်သတ်ပိတ်ဆို့မှုသစ်တွေနဲ့ ရင်ဆိုင်နေရသလို အမေရိကန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ စံချိန်တင်မြင့်မား

၁၁  ဇန်နဝါရီ

အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် စံချိန်တင်ဖော်ပြရတဲ့အထိ မြင့်တက်နေချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတဖြစ်လာတော့မယ့် ဂျိုးဘိုင်ဒင်က လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ကာကွယ်ဆေး တရားဝင်ဈေးကွက်တင်ထုတ်လုပ်ခြင်းကို အယောင်ဆောင်ဟန်ပြ လုပ်ခြင်းအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ အခုဆိုရင် အာရှမှာရှိတဲ့ သန်းချီတဲ့လူတွေဟာလည်း ကန့်သတ်ပိတ်ဆို့မှုသစ်တွေနဲ့ရင်ဆိုင်နေရပါတယ်။

ကန့်သတ်မှုတွေ ပြန်လည်ပြုလုပ်

ကမ္ဘာ့လူသား ၁ ဒသမ ၉ သန်းဟာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါပြီ။ တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးဆောင်ရွက်ချက်တွေ အင်တိုက်အားတိုက်လုပ်ဆောင်နေချိန်မှာ ဗြိတိန်မှာ တွေ့ရှိရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ကြောင့် တချို့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ရုတ်ချည်းမြင့်တက်သွားသလို လှုပ်ရှားသွားလာဆောင်ရွက်မှုတွေအပေါ် ကန့်သတ်မှုတွေလည်း ပြန်လည်ပြုလုပ်လာကြတာကို တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တစ်နေ့တည်းသေဆုံး သူ ၄၀၀၀ နီးပါးရှိကြောင်း ဖော်ပြခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၈ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ဖြစ်ပွားနေသူ ၂၉၀၀၀၀ အထိရှိလာတယ်လို့ ဂျွန်ဟော့ ကင်းတက္ကသိုလ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှုကြီး

ကာကွယ်ဆေးက မိမိတို့ကို မျှော်လင့်ချက်ပေးပါတယ်။ သို့သော်လည်း ဈေးကွက်တင်ထုတ်လုပ်မှုမှာ ဟန်ပြလုပ်နေတယ်လို့ ဘိုင်ဒင်ကသတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ဖြန့်ဝေခြင်းဟာ မိမိတို့နိုင်ငံအနေနဲ့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုကြီးဖြစ်တယ်လို့ သူက သတိပေးလိုက်ပါတယ်။

ပိုမိုကူးစက်ပျံ့နှံ့လွယ်

ဇန်နဝါရီ ၉ ရက်ကလည်း ဩစတြေးလျမြို့တစ်မြို့ဖြစ်တဲ့ ဘရစ်ဘိန်းမြို့ရဲ့ လမ်းတွေဟာ ခြောက်ကပ်တိတ်ဆိတ် နေပါတယ်။ အကြောင်းကတော့ ဗြိတိန်မှာတွေ့ရတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်မှုတစ်ခုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တွေ့ရှိပြီးတဲ့နောက်မှာတော့ အဲဒီမှာနေထိုင်တဲ့ဒေသခံ နှစ်သန်းကျော်ကို ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်လို့ပဲဖြစ်ပါတယ်။ အဲဒီမျိုးစိတ်သစ်ဟာ ပုံမှန်ကိုရိုနာ ဗိုင်းရပ်စ်ထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်ပါတယ်။

ရုပ်ရှင်ပြဇာတ်ထဲကလို အိပ်မက်ဆန်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ စကော့က အေအက်ဖ်ပီကို မှတ်ချက်စကား ပြောကြားလိုက်ပါတယ်။ မလွှဲမရှောင်သာလို့ လိုအပ်လို့ လုပ်ရတာပဲဖြစ်ပါတယ်။ နောက်ရက်တွေမှာ ဘာမှထပ်မဖြစ်ဖို့မျှော်လင့်ပါတယ်။ အဲဒီလိုဖြစ်မှသာ မိမိတို့တွေ အရင်အတိုင်းပုံမှန်ဘဝကို ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ပိုမိုမြင့်တက်လာနိုင်

ကိုရိုနာဗိုင်းရပ်စ်စတင်မြစ်ဖျားခံရာ တရုတ်နိုင်ငံမှာ အာဏာပိုင်တွေဟာ အစုလိုက်ကူးစက်မှုတွေကို နှိမ်နင်းတိုက်ဖျက်ဖို့ ပေကျင်းနားက မြို့နှစ်မြို့ကို ကန့်သတ်တားမြစ်ချက်တွေ တင်းကျပ်ထားပါတယ်။ တရုတ် နှစ်သစ်ကူးပွဲတော်မတိုင်ခင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာချိန်မှာ တစ်ပတ်ကြာအိမ်မှာပဲနေထိုင်ရမယ့် အမိန့်ထုတ်ပြန်ချက်ဟာ လူဦးရေ ၁၈ သန်းလောက်ရှိတဲ့ ရှီကျားကျောင်နဲ့ စင်ထိုင်တို့အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၉ ရက်က ပေကျင်းအမျိုးသားကျန်းမာရေး ကော်မရှင်က သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ အခုချိန်အထိ ကာကွယ်ဆေး ကိုးသန်းကျော် ဝေငှပေးထားကြခြင်း၊ သို့သော်လည်း လာမယ့်အားလပ်ရက်မှာ ကိုဗစ်၁၉ ကူးစက်နိုင်တဲ့ အန္တရာယ်ပိုမိုမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အပြိုင်အဆိုင် ကာကွယ်ဆေး ဝယ်ယူမှုတွေ ရပ်တန့်ပေး

ကာကွယ်ဆေးထိုးနှံခြင်းတွေ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြား အပြိုင်အဆိုင်ဆောင်ရွက်နေချိန်မှာ ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးသိမ်းကျုံး ဝယ်ယူဖို့၊ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ အပြိုင်အဆိုင် သဘောတူညီမှုပြုလုပ်တာတွေကို ရပ်တန့်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုထားပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ၁၅ ရာခိုင်နှုန်းသော ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေဟာ ဒီနေ့မှာ ကာကွယ်ဆေးတွေ ထိုးနေကြပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပူးတွဲကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူခြင်းနဲ့ ဖြန့်ဝေခြင်း အဖွဲ့ခေါင်းဆောင် ဘရူးစ်က ပြောပါတယ်။

ကာကွယ်ဆေးထိုးနိုင်တဲ့ ဝင်ငွေနည်းနိုင်ငံဟာ သုညရာခိုင်နှုန်းပဲ ရှိသေးတယ်။ ဒါဟာ မညီမျှဘူးလို့ သူက ပြောပါတယ်။ ။ ဥရောပသမဂ္ဂက ဖိုက်ဇာ-ဘိုင်ရွန်တက်ခ်မှ နောက်ထပ် ကာကွယ်ဆေးအလုံးရေ သန်း ၃၀၀ ဝယ်ယူရန် သဘောတူညီချက်ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ မှတ်ချက်ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ဝူဟန်ကို သွားရောက်ပြီး ကိုဗစ် - ၁၉ ဇာစ်မြစ်ကို စစ်ဆေးမယ့် ခရီးစဉ်အတွက်လည်း ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံက ဇန်နဝါရီ၉ ရက်ကပြောလိုက်ပါတယ်။ ကျွမ်းကျင်သူတွေအနေနဲ့ သေချာပြင်ဆင်ပြီး ရက်သတ်မှတ်လိုက်ပြီဆိုတာနဲ့ မိမိတို့လည်း ဝူဟန်ကို သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး ကျန်ယီဇင်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ကမ္ဘာတစ်ဝန်း အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေ တစ်နှစ်နီးပါးဆောင်ရွက်ပြီးတဲ့အချိန်မှာတောင် နိုင်ငံအတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့် တက်နေသေးတာ တွေ့ရပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဗြိတိန်လည်း ပါဝင်ပါတယ်။ ဗြိတိန်မှာ ဇန်နဝါရီ ၈ရက်က သေဆုံးသူ ၁၃၂၅ ဦးနဲ့ စံချိန်တင်ခဲ့သလို ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၈၀၅၃ ဦး ရှိခဲ့ပါတယ်။

ဘိုင်ရွန်တက်ခ်က ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ တုံ့ပြန်နိုင်

ဗြိတိန်နဲ့ တောင်အာဖရိကမှာတွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ သို့သော်လည်း ဘိုင်ရွန်တက်ခ်က စိုးရိမ်မှုတွေကို အနည်းငယ်ပြေပျောက်စေခဲ့ပါတယ်။ သူ့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာတုံ့ပြန်နိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုပြီးလျှင် ဘရာဇီးနိုင်ငံဟာ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာပေါ်မှာ ဒုတိယသေဆုံးမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးဆီနိုဗက်နဲ့ အက်စ်ထရာ ဇနီကာတို့က သုံးစွဲခွင့်ရဖို့ လျှောက်ထားကြပါတယ်။

အီရန်နိုင်ငံကတော့ အမေရိကန်နဲ့ ဗြိတိန်ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေဟာ လုံးဝမယုံကြည်ရဘူးဆိုပြီး တားမြစ်ပိတ်ပင်ထားပါတယ်။ သူတို့တွေက တခြားနိုင်ငံတွေကို အဆိပ်အတောက်တွေ ဖြစ်စေချင်တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာအလီခါမေနီက ပြောကြားလိုက်ပါတယ်။

ဆူနာမီနဲ့တူ

အာဖရိကဟာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းမှာကတည်းက အဆိုးဆုံးခံစားခဲ့ရပါတယ်။ မကြာသေးမီ သီတင်းပတ်တွေမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်လာသလို သေဆုံးမှုတွေလည်း မြင့်တက်လာ ခဲ့ပါတယ်။ နိုင်ဂျီးရီးယားမြို့ကြီးဖြစ်တဲ့ လာရို့စ်မှာရှိတဲ့ ဆေးရုံတစ်ရုံရဲ့ ညွှန်ကြားရေးမှူးချုပ် ဦဇီအွန်ရီယာက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ဆူနာမီလိုပဲလို့ တင်စားလိုက်ပါတယ်။

ထွန်းသစ်စ

ကိုကား - အေအက်ဖ်ပီ