အာရှတစ်လွှား ကျားကောင်ရေ ၃၇၂၆ ကောင်မှ ၅၅၇၈ ကောင် တိုးတက်

 

 

မြန်လင်းမောင်

 

အာရှတစ်လွှား  တောတောင်များနှင့်   ရွှံ့နွံများအတွင်း၌ ကျားကောင်ရေ ၅၅၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ၂၀၁၅ ခုနှစ် အကဲဖြတ်မှုထက် ၄၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း သိရသည်။

 

IUCN ၏ အဆိုအရ ယနေ့ တောရိုင်းထဲတွင် ကျားကောင်ရေ ၃၇၂၆ ကောင်မှ ၅၅၇၈ ကောင် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျားထိန်းသိမ်းရေးနေ့ မတိုင်မီထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ခန့်မှန်းကျားကောင်ရေ စာရင်းတွင် ဖော်ပြထားသည်။

 

ကမ္ဘာပေါ်တွင် ကျားမျိုးစိတ်စုစုပေါင်း ကိုးမျိုးရှိခဲ့

 

ကမ္ဘာပေါ်တွင် ကျားမျိုးစိတ်စုစုပေါင်း ကိုးမျိုးရှိခဲ့ပြီး လက်ရှိတွင် သဘာဝတောထဲ၌ ကျားမျိုးစိတ် ငါးမျိုးသာ ကျန်ရှိတော့သည်။ ယခုအချိန်တွင် ကျားကျက်စားရာနိုင်ငံ ၁၃ နိုင်ငံသာရှိပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည်။ မြန်မာနိုင်ငံသည် သဘာဝကျားများ ပြန်လည်ကျက်စားနိုင်ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင်ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိ နိုင်သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ ဧရိယာ၏ ၇ရာခိုင်နှုန်း) ကျယ်ဝန်း၍ ကျားအများဆုံး ကျက်စားနိုင်သည့် နေရာဒေသကြီး လေးခုရှိကြောင်း သိရသည်။ နိုင်ငံတော်အဆင့် ကျားစာရင်းကောက်ယူခြင်းအရ နေရာသုံးခုဖြစ်သော ဟူးကောင်းချိုင့်ဝှမ်း ဘေးမဲ့တော၊ ထမံသီ ဘေးမဲ့တောနှင့် တနင်္သာရီတောင်တန်း များဖြစ်ပြီး ယင်းနေရာတို့တွင် ကင်မရာထောင်ချောက်များသုံး၍ လက်ရှိအချိန်ထိ ကျားများနေထိုင် ကျက်စားလျက်ရှိနေသေးကြောင်း သက်သေပြနိုင်ခဲ့ပြီးဖြစ်သည်။

 

၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ကျားကောင်ရေ ခန့်မှန်းချက်ကို ၈၅ ကောင်ဟု သတ်မှတ်ခဲ့ပြီး ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်း တင် လေ့လာမှုများအရ ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာကြောင်း၊ ကျားအစားခံ သတ္တဝါများလည်း ပေါများမှုရှိလာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အတည်ပြုထားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျားကောင်ရေ အတိအကျကို စနစ်တကျခန့်မှန်းနိုင်ရန် လိုအပ်လျက်ရှိနေ သေးသော်လည်း ကမ္ဘာ့ဘဏ်၏ လေ့လာခန့်မှန်းမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၃၅ ကောင်မှ ၇၀ အထိ ရှိနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သည့် ကျားထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားထားသည်။

 

၂၀၂၂ ခုနှစ်ကုန်တွင် ကျားများကျက်စားသည့်နိုင်ငံ ၁၃ နိုင်ငံတွင် သဘာဝကျားကောင်ရေ ၆၀၀၀ အထိ နှစ်ဆတိုးပွားရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကျားများကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈) အရလုံးဝ ကာကွယ် ပေးထားသည်။

 

ကမ္ဘာပေါ်ရှိ ကျားကောင်ရေ၏ ၉၅ရာခိုင်နှုန်းခန့်သည် ၂၀ ရာစု အစမှာပင် မျိုးသုဉ်းပျောက်ကွယ်သွား ခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WWF) ၏အဆိုအရ ကမ္ဘာ့ကျားကောင်ရေ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် အိန္ဒိယနိုင်ငံတွင် ကျက်စားလျက်ရှိကြောင်း သိရသည်။ ကျားများကျက်စားရာနိုင်ငံအများစုသည် ကျားအရေအတွက် နှစ်ဆတိုးရန် ရုန်းကန်နေရသော်လည်း အိန္ဒိယအနေဖြင့် ၂၀၀၆ ခုနှစ်တွင် ကျား ၁၄၁၁ ကောင်ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၂၂၂၆ ကောင်နှင့် ၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကျားကောင်ရေ စာရင်းအရ ၂၉၆၇ ကောင်အထိ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

 

ကျားကောင်ရေ တဖြည်းဖြည်း ကျဆင်းလာ

 

ကမ္ဘာပေါ်ရှိ ကျားကောင်ရေ ကျဆင်းရလာသည့် အဓိကအကြောင်းရင်းများမှာ (၁) ကျားများ နေထိုင်သော နေရင်းဒေသ သစ်တောများ ဆုံးရှုံးခြင်း၊ (၂) တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ရောင်းဝယ်ဖောက်ကားခြင်းနှင့် (၃) ကျား အစားခံသတ္တဝါများကို အလွန်အကျွံအမဲလိုက်ခြင်းတို့ကြောင့် ကျား ကောင်ရေ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

 

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ (WWF)၏အဆိုအရ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်သူများထံမှ နှစ်စဉ်ပျမ်းမျှ ကျား ၁၂၄ ကောင်၏ အရေခွံနှင့် အစိတ်အပိုင်းများကို နိုင်ငံတကာ ရာဇ၀တ်မှုကွန်ရက်များက ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် နောင်အနာဂတ်ကာလ ရှည်ကြာသည်အထိ ရှင်သန်နိုင်မည့် လုံလောက်သော သဘာဝကျား ကောင်ရေများရှိနေရန် ကျားများ သတ်ဖြတ်မှုနှင့် ကျား၏အစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားမှု ကို တားဆီးပိတ်ပင်နိုင်ရန် လိုအပ်လျက်ရှိသည်။ ကျားထိန်းသိမ်းရေး လုပ်ငန်းများကို ကျားများရှင်သန်ကျက်စားရာ နိုင်ငံများအနေဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပါက လာမည့်နှစ် အနည်းငယ်အတွင်းကျားများ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားနိုင်သော ကြောင့် ပညာရှင်များကလွန်စွာ စိုးရိမ်လျက်ရှိသည်။

 

ထို့ကြောင့် သဘာဝကျားကောင်ရေများ ပြန်လည်တိုးပွားလာပြီး ရေရှည်တည်တံ့စေရန် ထိန်းသိမ်းကာကွယ်ရာတွင် ပိုမိုအားကောင်းစေ ရန် ဒေသခံပြည်သူများနှင့် ဆက်စပ်ပတ်သက်သူများ အားလုံးမှ အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ကြစေရန် တိုက်တွန်းအပ်ပါ သည်။

 

ကိုးကား - World Wildlife Day 2022: Tiger conservation, and the Tx2 project