အအေးမိတာနဲ့ တုပ်ကွေးမိတာ ဘယ်လိုကွာလဲသင်သိပါသလား

၆  ဒီဇင်ဘာ

 

ရာသီအကူးအပြောင်းမှာ ဖျားကြနာကြတယ်နော်။ ဖျားတာက အကြောင်းအရင်းမရှိဘဲ ဖျားတာမျိုးတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကိုယ်ခံအားစနစ် အားနည်းသွားတာကြောင့် ပြင်ပကဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်တဲ့အခါ ဖျားတာနာတာဖြစ်လာတာပါ။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ဖျားတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာဆိုပြီး ကွဲပြားပါတယ်။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ချင်း မတူသလို ကုသရတဲ့ ပုံစံချင်းလည်း ကွာခြားပါတယ်။

 

အအေးမိတာနဲ့တုပ်ကွေးဖြစ်တဲ့အခါ တွေ့ရနိုင်တဲ့လက္ခဏာတွေက

 

အအေးမိတာဆိုရင် –

 

နှာစေးမယ်

 

နှာခေါင်းပိတ်မယ်

 

လည်ချောင်းနာမယ်

 

ချောင်းဆိုးမယ်

 

ခေါင်းကိုက်မယ်

 

ကိုယ်လက်တွေကိုက်ခဲမယ်

 

ခန္ဓာကိုယ်ထဲမှာ အားကုန်နေသလို ခံစားရမယ်။

 

တုပ်ကွေးဖြစ်တာဆိုရင် –

 

ချောင်းခြောက်ဆိုးမယ်

 

အဖျားနည်းနည်းရှိနေမယ်

 

လည်ချောင်းနာမယ်

 

ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ်

 

ခေါင်းကိုက်မယ်

 

နှာရည်ယိုမယ်

 

သီတင်းပတ် (၂) ပတ်လောက်အထိနေလို့မကောင်းဖြစ်နေမယ်

 

မအီမသာဖြစ်မယ်၊ အော့အန်မယ်။

 

အအေးမိတာလား တုပ်ကွေးဖြစ်တာလားဆိုတာကို ဘယ်လိုခွဲခြားမလဲ

 

တစ်ခါတလေ တုပ်ကွေးနဲ့အအေးမိတာရဲ့ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်တူနေတတ်တာကြောင့် ရောဂါအခြေအနေကို သေသေချာချာပြောပြဖို့ အခက်အခဲလေးတွေရှိပါတယ်။ ဆေးစစ်ကြည့်တာက အကောင်းဆုံးသော အဖြေထုတ်နည်းတစ်မျိုးပါ။ ဒီလိုကွားခြားချက်လေးတွေတော့ရှိပါတယ်။

 

အအေးမိတာက ရက်အနည်းငယ်အကြာမှာ ပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ အအေးမိတာက (၇) ရက်ကနေ (၁၀) ရက်အတွင်းမှာ သက်သာသွားနိုင်ပေမယ့် တုပ်ကွေးဖြစ်ရင်တော့ သီတင်းပတ် (၂) ပတ်လောက်အထိ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

 

အအေးမိတဲ့အခါ ရောဂါလက္ခဏာတွေ ခံစားရတာက မြန်မြန်ဆန်ဆန်ကြီးမဟုတ်ပေမယ့် တုပ်ကွေးဖြစ်တဲ့အခါမှာတော့ ရောဂါပြင်းထန်လာတဲ့နှုန်းက တော်တော်လေးမြန်ပြီး ပြင်းလည်း ပြင်းထန်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာရဲ့ ကြားထဲက အကြီးမားဆုံးသော ကွာခြားချက်က ရောဂါလက္ခဏာက ဘယ်လောက်မြန်မြန်ဖြစ်လာသလဲ ဆိုတာပါ။ သိသိသာသာဖြစ်အောင် ပြောပြရမယ်ဆိုရင်တော့ အအေးမိတာ ပထမနေ့မှာ ဖျားချင်သလိုလိုဖြစ်တယ်ဆိုတာ လောက်ပဲခံစားရပြီး နောက်နေ့မှာတော့ရောဂါ လက္ခဏာက နည်းနည်းလေးပိုပြင်းထန်လာပါမယ်။ ၃ ရက်လောက်ဆိုရင်တော့ နေမကောင်းတဲ့ဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါပြီ။

 

တုပ်ကွေးကကျတော့ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲ နောက်တစ်နေ့မှာ ဘယ်လိုမှနေသာထိုင်သာမရှိအောင် ဖျားနာသွားတဲ့အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှုတစ်မျိုးပေါ့။

 

အအေးမိတာရော တုပ်ကွေးဖြစ်တာကပါ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာဆိုပေမယ့် ဗိုင်းရပ်စ် အမျိုးအစားချင်းတော့မတူပါဘူး။ တုပ်ကွေးဗိုင်းရပ်စ်က အအေးမိဖျားနာဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက် ပိုပြင်းထန်ပါတယ်။

 

အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါဆိုပေမယ့် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပိုပြင်းထန်ပြီး အသက်ရှုလမ်းကြောင်းကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။

 

အအေးမိတယ်ဆိုတာ

 

အအေးမိတာက အသက်ရှုလမ်းကြောင်းအထက်ပိုင်းကို ရောဂါပိုးဝင်ကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါတစ်မျိုးပါ။ အဖျားရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်က အမျိုးအစား (၂၀ဝ) ကျော်ရှိပေမယ့် အဖျားရောဂါကို အများဆုံးဖြစ်စေတာက rhinoviruses ဗိုင်းရပ်စ်ပါ။ အဖျားရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ အအေးမိတာကရောဂါကူးစက်ခံရပြီး (၁) ရက်ကနေ (၇) ရက်အတွင်းမှာ ရောဂါလက္ခဏာပြတတ်ပါတယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ် အမျိုးအစားပေါ်မူတည်ပြီး ဖျားနာမှုကို ခံစားရချိန်က (၇) ရက်၊ (၁၀) ရက်၊ (၂) ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ အအေးမိဖျားနာတာက အပျော့စား အသက်ရှုလမ်းကြောင်းဆိုင်ရာ အဖျားရောဂါတစ်မျိုးပါ။

 

တုပ်ကွေးဖြစ်တယ်ဆိုတာ

 

တုပ်ကွေးက အသက်ရှုလမ်းကြောင်း အထက်ပိုင်းရောအောက်ပိုင်းကိုပါ ပိုးဝင်ကူးစက်ရာကနေ ဖြစ်လာတဲ့ အဖျားရောဂါပါ။ တုပ်ကွေး ဗိုင်းရပ်စ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက် ရောဂါလက္ခဏာပိုပြင်းထန်ပါတယ်။ တုပ်ကွေးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်ပြီး ရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိ ကြာမြင့်နိုင်ပါတယ်။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”