အစားအစာပြဿနာ

သတင်းဆောင်းပါး - ဆရာမဲဇာ

ကျွန်ုပ်တို့ လူသားများစားနေသည့် အစာသည် “ဆေး”မဟုတ်ပါ။ ထို့အတူ ဆေးသည်လည်း “အစာ”မဟုတ်ပါ။ အစာထဲတွင် ဆေးများ ပါလာလျှင် ဒုက္ခတွေ့ပါမည်။ ဆေးပါဝင်မှုများလေလေ ဒုက္ခများလေလေ ဖြစ်ပါသည်။ အသောက်အစားအမျိုးမျိုးကို “ဆေးဖြစ်ဝါးဖြစ်” ခေါင်းစဉ် တပ်၍ စားသောက်နေလျှင် အဆုံးတစ်နေ့တွင် ဒုက္ခဖိစီးခံရကာ ရက်တိုတို နှင့် အိုနာသေဘေး ဆိုက်ရောက်နိုင်လေသည်။

သုတေသီများ ထောက်ပြ

အစာထဲတွင် သဘာဝအတိုင်းပါဝင်လာသော ဓာတ်ပစ္စည်းအချို့ တွင်   “ဆေးဖက်ဝင်” သည်မှန်သော်လည်း  ဆေးမဟုတ်ပါ။  သဘာဝ အာဟာရအဖြစ် လူတို့၏ ကျန်းမာမှုကို မြှင့်တင်ပေးခြင်းသာဖြစ်ပါသည်။ ကျန်းမာနေသော လူသားအတွက် အားဆေးမလိုပါ။ ဤစကားသံမှာ အမေရိကန်နိုင်ငံ၌   တွင်တွင်ကျယ်ကျယ်  ပြောလာသော စကားပင် ဖြစ်ပါသည်။ အားဆေးဟုခေါ်သော လူလုပ်ဓာတ်ပစ္စည်းများကို ဝယ်ယူ စားသုံးရင်း ဒေါ်လာဘီလီယံပေါင်းများစွာ ဖြုန်းတီးနေကြကြောင်း သုတေသီများက ထောက်ပြနေကြပေပြီ။

ငွေပေါသော အနောက်နိုင်ငံသားတို့၏ သုံးဖြုန်းမှုကို မပြောလို သော်လည်း ငွေရှားသော မြန်မာတို့အတွက် များစွာချင့်ချိန်ရန်လိုအပ်သည့် အသုံးစရိတ်ဟု ဆိုချင်ပါသည်။ ယမန်နှစ်က ကိုဗစ်တတိယလှိုင်းဝင်လာ သောအခါ ကျွန်တော်တို့ အတော်ချောက်ချားရပါသည်။ မူရင်းကိုရိုနာ ဗိုင်းရပ်ထက် ပို၍သေဆုံးမှုများစေသော “ဒယ်လ်တာ” မျိုးကွဲကြောင့်  အပြင်းအထန်ဖျားနာ၍ သေကြရပါသည်။ အောက်ဆီဂျင်လို၍သေသူ ရှိသလို အောက်ဆီဂျင်ရှူနေရင်းက သေသွားရသူများလည်း များလှ၏။

အောက်ဆီဂျင်များ အချိန်တိုအတွင်း စီစဉ်လာ

လိုနေသော အောက်ဆီဂျင်များကို အချိန်တိုအတွင်း စီစဉ်လာနိုင် ကြသော်လည်း  အမှန်တကယ်မလိုအပ်သော  ပစ္စည်းများဖြစ်သည့် ပဲနို့မှုန့်၊ ငှက်သိုက်၊ ကြက်ပေါင်းရည် စသည်များမှာ ဈေးခေါင်ခိုက်၍  သွားတော့၏။   ကြော်ငြာသမားများကလည်း    ထိုအစာများကိုသာ  ဆေးဖြစ်ဝါးဖြစ် မစားရလျှင် သေဖွယ်ရာရှိသယောင်ယောင် သတင်း လွှင့်ကြ၏။ “ကုရာနတ္ထိ ဆေးမရှိ” သော ဗိုင်းရပ်စ်ပါဟု ပညာပေးလျက် က အရာမရောက်ခဲ့ချေ။

ဈေးကွက်ထဲတွင် အစာလည်းဆေးဟု သဘောထားကာ ရောင်းချ နေသောပစ္စည်းများက ပေးလာသောဒုက္ခများကို သိပ္ပံနည်းကျဖော်ထုတ် ပြရသည့် အလုပ်သည်လည်း လက်ဝင်လှ၏။ အစာဟုခေါ်သော ဆေးများ ကိုဖြစ်စေ၊ ဆေးဟုခေါ်သော အစာများကိုဖြစ်စေ  စစ်ဆေးရသည်မှာ အရင်းအနှီးကြီး၏။ နည်းပညာတိုးတက်ခေတ်မီရန်လိုသည်။  အစားအစာ များတွင်   ဘေးအန္တရာယ်ကင်းရှင်းစေရန် ရှေ့တန်းက ကာကွယ်ပေးနေ  သော အစာစစ်ဆေးသူများသည် ကျွမ်းကျင်မှု၊ စေတနာအပြင် အဂတိ လိုက်စားမှုကင်းရန်တို့ လိုလေသည်။

“အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်း ရေးမူဝါဒ” (National Food safety policy) ကို  အကောင်အထည်ဖော် ဆောင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရာတွင် ပါဝင်ပတ်သက်သူ များအားလုံး၊ သက်ဆိုင်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ  နှင့် လုပ်ငန်းများအောင်မြင်သည်အထိ  ကြိုးစားဆောင်ရွက်ကြရန်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌက   တိုက်တွန်း မှာကြားခဲ့ကြောင်း  ၂၈-၄-၂၀၂၂  ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ပါရှိသည်ကို သတိပြုမိပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် အတတ် နိုင်ဆုံးကြိုးစား၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် စိစစ် ပေးနေသည်ကိုလည်း တွေ့ရပါ၏။  ၂၀၂၂  ခုနှစ်ထဲတွင် ထုတ်ပြန်ချက် အရ  ဘေးအန္တရာယ်ဖြစ်စေသော  အသားချောင်းများကို    ပိတ်ပင်   တားဆီးမှုများပြုလုပ်မည့်သတင်းကိုလည်း ဖတ်ခဲ့ရ၏။ FDA  စတင် ထူထောင်စဉ်မှအစပြုကာ ယနေ့အထိ ထုတ်ဖော်ခဲ့သော  “အစာမှ လာသောအန္တရာယ်”များမှာ   အတော်ပင်များပြားလှ၏။   ကျန်းမာရေး  ထိခိုက်စေမည့်ပစ္စည်းများ အစာထဲတွင်ပါဝင်မှု၊ ချည်ဆေး၊  ဆိုးဆေး များထည့်၍အရောင်တင်မှု၊ ရောဂါပိုးများ၊ အဆိပ်အတောက်ဖြစ်စေ သော  မှိုများကလည်း  ဓာတ်သတ္တုများပါဝင်နေမှုတို့ကို   ဖော်ထုတ်  အရေးယူမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါ၏။ 
“အစာထဲတွင်ဆေးများပါလာလျှင်ဒုက္ခ” ဟု ကျွန်တော်ဆိုခဲ့ခြင်း သည် အရောင်တင်ဆေး၊ ချည်ဆေး၊ ဆိုးဆေး၊ ကြာရှည်ခံဆေးများထက် ပိုဆိုးသည့်တကယ့်ဆေးများကို ဆိုလိုပါသည်။ အထူးသဖြင့် မွေးမြူရေး လုပ်ငန်းများ၌ တွင်ကျယ်စွာအသုံးပြုလာကြသော ပဋိဇီဝဆေးများ သည် တိရစ္ဆာန်များကို ရောဂါမဖြစ်ရန်သုံးသော်လည်း ထိုတိရစ္ဆာန်၏  အသားထဲတွင် ဆေးများပါဝင်နေပါသည်။ အသားကိုမွေးမြူသော တိရစ္ဆာန်များအတွက်  အသုံးတည့်လှသော ဟော်မုန်း(Hormones)  ဓာတ်များသည်လည်း  စားသုံးသူများစားရာ၌ ပါဝင်လာနိုင်သဖြင့် အထူးသတိထားနေရလေသည်။

သဘာဝလွန်ကြံစည်မှု၏ ရလဒ်တစ်ခု

ကြက်ဥများမှာပင် ခြံထဲမှာလှောင်၍ထားကာ ဆေးဝါးအကူနှင့် မွေးမြူထားသော ကြက်ဥများထက် လွှတ်ကျောင်းမွေးမြူထားသော  (Free Range)  ကြက်များ၏  ဥများက ဈေးနှစ်ဆလောက်ပိုပေးမှ စားရပေမည်။ တစ်ချိန်က နာမည်ဆိုးထွက်ခဲ့သော နွားရူးရောဂါ (Mad  cow disease)သည်လည်း နွားများကို အသားတိုးရန်အတွက် နွားစာထဲ တွင်   အသားများရော၍ကျွေးမွေးခဲ့ရာမှ    နွားတို့၏ဦးနှောက်တွင် ဂလောင်ပေါက်ဖြစ်ကုန်၏။ ထိုအမဲသားကိုစားမိသော လူတို့သည် လည်း ဦးနှောက်ထဲတွင် ပြဿနာဖြစ်ရ၏။ သဘာဝလွန်ကြံစည်မှု၏ ဆိုးကျိုးရလဒ်တစ်ခုလို ဖြစ်ပေမည်။

အစာကိုအာဟာရမဖြစ်စေဘဲ    ဘေးအန္တရာယ်ဖြစ်စေသော ပြဿနာများထဲတွင် သဘာဝထက် လူလုပ်ပြဿနာများက အတိုင်း မသိအောင် ဆိုးရွားလှပါသည်။ သို့ဖြစ်၍  အစာကွင်းဆက်နှင့်   ပါဝင် ပတ်သက်လာသူ  မှန်သမျှ “တာဝန်ယူမှု၊ တာဝန်ခံမှု”  ရှိရန်  လိုလာ ပါသည်။ ဤကိစ္စသည် ကိုယ်တိုင်ကျင့်ဝတ်နှင့်လည်းဆိုင်၏။ ကိုယ်တိုင် ပြုမူမှုနှင့်လည်း ဆိုင်၏။ စိုက်ပျိုးရေးဆိုင်ရာ ကောင်းမွန်သောကျင့်စဉ် များရှိရသလို မွေးမြူရေးဆိုင်ရာ ကောင်းမွန်သောကျင့်စဉ်များလည်း ရှိရန်လိုပေသည်။

ထိုစိုက်ပျိုးရေးဆိုင်ရာ ကောင်းမွန်သောကျင့်စဉ်များနှင့် မွေးမြူ ရေးဆိုင်ရာ    ကောင်းမွန်သောကျင့်စဉ်များကို   မှားယွင်းယူဆ၍ စိုက်ပျိုးနည်း၊  မွေးမြူနည်းဟု သုံးစွဲခဲ့ကြဖူးပါသည်။ နည်းမဟုတ်ပါ။  ကျင့်စဉ်ကျင့်ဝတ်သာဖြစ်ပါသည်။   နည်းဆိုသည်က  အမှန်အမှား ရှိပါသည်။     အပြောင်းအလဲရှိပါသည်။    ကျင့်စဉ်ကျင့်ဝတ်ဆိုသည်က မပြောင်းမလဲ သစ္စာစွဲ၍  ကျင့်ကြံလုပ်တတ်ရသော  ကိစ္စဖြစ်ပါ၏။  မိမိတစ်ယောက်တည်းအတွက် ကျင့်ဝတ်ထားရုံ၊   မိမိနှင့်ပတ်သက်သူ အတွက် သစ္စာထားရုံနှင့်မပြီးပါ။ အစာဖြန့်ဖြူးမှုကွင်းဆက်တစ်ခုလုံး  အတွက် အဆက်အစပ်ရှိစွာ၊ သစ္စာရှိစွာ၊ ကျင့်ဝတ်သိစွာ ဆောင်ရွက် ရမည့် ဝတ္တရားတစ်ခုပင် ဖြစ်ပါသည်။
အစာကွင်းဆက်နှင့် ပတ်သက်သူမှန်သမျှ “ခြံထဲကနေ ပန်းကန် ထဲအရောက်   တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ၊ မရှိဆိုသည်ကို သတိထား ကြည့်နေရမည့်တာဝန်ကိုလည်း သက်ဆိုင်ရာအစိုးရနှင့် တာဝန်ရှိသူ များက တာဝန်ယူရပါသည်။ ဤသို့ဆောင်ရွက်ရာတွင်-
ပထမဦးဆုံး-    “အမျိုးအသားအဆင့် အစားအသောက် ဘေးကင်းရှင်း ရေးမူဝါဒ”၊ 
ဒုတိယ    -    ဆက်စပ်ပါဝင်နေသူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖြစ်စေမည့် ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ၊ 
တတိယ  -    အစားအသောက်ဘေးကင်းရှင်းရေးအတွက် သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မည့်  အင်အားစုများ  လိုအပ်မည် ဖြစ်ပါသည်။
နိုင်ငံခြားငွေရရှိရေး အရေးကြီးသောလုပ်ငန်းဖြစ်
လက်တွေ့တွင် အစားအစာတစ်လုတ် ပါးစပ်ထဲရောက်ရန်အရေး ခရုခါးတောင်းကျိုက် ဖမ်းဖို့ တွေးနေသည်ဟု မထင်စေလိုပါ။ ကျန်းမာ ကြံ့ခိုင်သော လူသားရင်းမြစ်များဖြင့် နိုင်ငံတော်ကိုပြန်လည်ထူထောင် ရန်အတွက် အစားအသောက်ဘေးကင်းရှင်းရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်ဟု  မှတ်ယူကြိုးစားကြရန်  လိုအပ်နေချိန် ဖြစ်ပါသည်။ နိုင်ငံအတွင်းသာမက  နိုင်ငံခြားငွေရရှိရေးအတွက်ပါ  အရေးကြီးသောလုပ်ငန်း ဖြစ်ပါသည်။

မြန်မာနိုင်ငံထွက် စားသောက်ကုန်များသည် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းလှနေရေးအတွက်  လက်တွေ့ကြိုးပမ်းမှု  အရှိန်အဟုန် မြှင့်တင်ရန် အရေးကြီးသော မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်ပါသည်။
“ယခု မူဝါဒကို  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊  အာဆီယံအဖွဲ့တို့၏ အမျိုးသားအစားအသောက်ဘေးအန္တရာယ် ထိန်းချုပ်ရေးစနစ်ဆိုင်ရာ  “ဥပဒေသ”များနှင့်လည်း လိုက်လျောညီထွေရှိစေရန် ချမှတ်ထားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပြီး “တာဝန်ကိုယ်စီရှိသည်”ကို ပြောကြား လိုကြောင်း” လမ်းညွှန်ပေးထားသည်ကိုလည်း အလေးအနက်ထား၍ ဦးစားပေးကြရန် လိုအပ်မည်ဖြစ်ပါသည်။

ကိုယ်တိုင်အမဲလိုက်၍ရလာသော   အသား၊   ကိုယ်တိုင်ခြံထဲက ထွက်လာသည့်  ကြက်၊  ဘဲ၊  ဥများ၊  ကိုယ့်ခြံစည်းရိုးက ချိုးလာသည့် ဟင်းသီးဟင်းရွက်များနှင့် မပြီးတော့သည့်ခေတ်၌ အစာကွင်းဆက်ထဲ တွင် ပါဝင်မိသည်နှင့်အမျှ မျက်စိဖွင့်၊  နားစွင့်သတိထား၍  မိမိတို့၏  ကျန်းမာရေး၊ အသက်ရှည်ရေးအတွက် အဓိကကျသော အစာအာဟာရ များ၏ လားရာကို စစ်ဆေးကြည့်ရှုပေးနိုင်မှ တန်ကာကျပေသည်။
တစ်အိမ်တည်း၊ တစ်ရပ်တည်း၊ တစ်ရွာတည်း ကြည့်၍မရတော့ပါ။ တစ်နိုင်ငံတည်း ရပ်တည်၍လည်း မဖြစ်ပါ။ အစားအစာ ဘေးကင်းရှင်း စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက  ကမ္ဘာအရပ်ရပ်မှ စားနပ်ရိက္ခာကုန်သွယ်မှုလမ်းကြောင်းများ အားလုံး မှာ အားနည်းချက်မရှိအောင်လုပ်နိုင်မှ အစာမှလာသော ကပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ကြမည် ဖြစ်ပါသည်။

ချမ်းသာသောနိုင်ငံများသည် အစားအစာဘေးအန္တရာယ်ကင်းရှင်း ရေးအတွက် အဆင်ပြေပြေ ဆောင်ရွက်နေကြသည်ဟု မထင်စေလိုပါ။ သူတို့တွင်လည်း သူတို့ပြဿနာနှင့်သူတို့ ရှိကြပါသည်။ လောလောဆယ် တွင်  ကိုယ်နှင့်ဆိုင်သော အစားအစာပြဿနာကို ကိုယ်တိုင်ရှင်းပြီးမှ စလုပ်ကြရန် ရှိပါတော့သည်။          ။