အစားအစာသန့်ရှင်းရေး

နေပြည်တော် ၄ မေ

ကျန်းမာရေးနှင့် ညီညွတ်သန့်ရှင်းသော အစားအသောက် ပြင်ဆင်ချက်ပြုတ်စားသောက်ခြင်းသည် ခန္ဓာကိုယ်ကို ကျန်းမာဖွံ့ဖြိုးစေသည်။ ဝမ်းနှင့်ပတ်သက်သည့် ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ပေးသည်။

မစင်မှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ ရောက်ရှိခြင်း

• ယင်ကောင်သည် မစင်တွင်ပေါက်ဖွားသည့် လောက်ကောင်မှ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် မစင်တွင်ပေါက်၊ မစင်တွင်နားကာ လူများ စားမည့် အစာပေါ် နားနိုင်ပါသည်။

• အစားအစာ အရသာဘယ်လောက်ကောင်းကောင်း အာဟာရဘယ်လောက်ရှိရှိ ယင်နားလိုက်သည့်နှင့် မစင်များပေပြီး ရောဂါပိုး ဝင်ရောက် နိုင်ပါသည်။

ရေမှတစ်ဆင့် ရောဂါပိုးများ အစာထဲသို့ ရောက်ရှိခြင်း

• ယင်လုံအိမ်သာဖြစ်သော်လည်း ရေတွင်းနှင့် ပေ (၅၀)မကွာပဲ ဆောက်လျှင်သော်လည်းကောင်း၊ အိမ်သာသည် ရေကန်အမြင့်ပိုင်းတွင်ရှိနေသော်လည်းကောင်း၊ မစင်နှင့် ရောဂါပိုးများ ရေထဲစိမ့်ဝင်နိုင်သည့် အန္တရာယ်ရှိပါသည်။

• မသန့်စင်သောရေများနှင့် အိုး၊ ခွက်၊ ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သား၊ ငါးများကို ဆေးမိလျှင် ရောဂါရနိုင်ပါသည်။

• အစာအစာသည် အရသာနှင့် အာဟာရမည်မျှပင်ရှိစေကာမှု မသန့်ရှင်းပါက မစင်ထဲမှရောဂါပိုးများ ဝင်ရောက်လာနိုင်ပါသည်။

လူမှတဆင့်ရောဂါပိုးများ အစာထဲသို့ရောက်ရှိလာခြင်း

• လက်ကိုဆပ်ပြာဖြင့်မဆေးဘဲ အစားအစာကိုကိုင်လျှင် အစားအစာများထဲသို့ ရောဂါပိုးများ ရောက်ရှိသွားနိုင်ပါသည်။

• အစားအစာသည် အရသာနှင့် အာဟာရမည်မျှပင်ရှိစေကာမှု လက်ကို သန့်ရှင်းအောင် မဆေးပါက ရောဂါပိုးများ ဝင်ရောက်လာနိုင်ပါသည်။

အခြားနည်းလမ်းများမှတဆင့် ရောဂါပိုးများ အစာထဲသို့ရောက်ရှိလာခြင်း

• ပိုးဟပ်၊ ပုရွက်ဆိတ်စသည့် အင်းဆက်များ၊ ကြွက်၊ ကြောင်၊ ခွေးစသည့် တိရစ္ဆာန်များမှ တဆင့်ရောဂါပိုးများ သယ်ဆောင်လာနိုင်ပါသည်။

• မသန့်ရှင်းသော ရေနှင့်လောင်းပြီး စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များ၊ ငါးနှင့် အခြား ရေသတ္တဝါများ၊ ကြက်၊ ငှက်နှင့်အသား၊ ဥများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများတွင်လည်း ရောဂါပိုးများ ကပ်နေနိုင်ပါသည်။

မစင်မှရောဂါပိုးများ အစာထဲမရောက်အောင် ကာကွယ်နိုင်မည့်နည်းလမ်းများ

• အစားအစာကို ယင်မနားအောင် ဖုံးအုပ်ထားပါ။

• အိုး၊ ခွက်၊ ပန်းကန်များကို သုံးရေနှင့်သာ ဆေးကြောပါ။

• လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးကြောပြီးမှ အစာနှင့် အစာထည့်မည့် ပန်းကန်ခွက်ယောက်များကို ကိုင်တွယ်ပါ။

• ဟင်းသီးဟင်းရွက်များ၊ သီးနှံ၊ သားငါးများကို သန့်ရှင်းသောရေနှင့် စင်ကြယ်အောင် ဆေးကြောပါ။

• အစားအစာများကို စားခါနီးမှ ချက်ပြုတ်ပြီး ပူပူနွေးနွေးစားသုံးပါ။

• အသား၊ ငါး၊ ဥများကို ကိုင်တွယ်ပြီးတိုင်း လက်၊ ဓါး၊ စဉ်းတီတုံးများကို သေချာစွာဆေးကြောပါ။

• အသားစိမ်း၊ ငါးစိမ်းနှင့် ဟင်းသီးဟင်းရွက်များကို သီးခြားစီထုပ်ပိုးရမည်။ (ဖြစ်နိုင်ပါက ပလပ်စတစ်အိတ်ပျော့၊ အင်ဖက်၊ ငှက်ပျောရွက်တို့ဖြင့် ထုပ်ပိုးသင့်ပါသည်။)

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN