အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် ပါလက်စတိုင်းနိုင်ငံသား ၅၆ ဦးအား ပြန်လည်လွှတ်ပေးခဲ့

 

ဂါဇာ၊ မတ် ၁၂

အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း နိုင်ငံသား ၅၆ ဦးအား မတ် ၁၁ ရက်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်းနှင့် အဆိုပါပါလက်စတိုင်း နိုင်ငံသားများသည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး စစ်ဘက်က မကြာသေးမီအတွင်း ပြုလုပ်ခဲ့သည့် မြေပြင်စစ်ဆင်ရေးအတွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့သူများဖြစ်ကြောင်း ဂါဇာရှိနယ်စပ်ဖြတ်ကျော် အထွေထွေအာဏာပိုင်အဖွဲ့က ပြောကြားသည်။

အဆိုပါ ပါလက်စတိုင်း နိုင်ငံသားများအား ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ကီရမ်ရှာလွမ် နယ်စပ် ဖြတ်ကျော်ဂိတ်မှ တစ်ဆင့်ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဂါဇာရှိ နယ်စပ်ဖြတ်ကျော် အထွေထွေအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။

ပြန်လည်လွှတ်ပေးခြင်းခံခဲ့ရသူများ၏ ခန္ဓာကိုယ်များတွင် ညှင်းပန်းနှိပ်စက်ထားသည့် သဲလွန်စများ တွေ့ရှိရကြောင်းလည်း ဂါဇာရှိနယ်စပ်ဖြတ်ကျော် အထွေထွေအာဏာပိုင်အဖွဲ့၏ သတင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ဒေသဆိုင်ရာ သတင်းအရင်းအမြစ်များနှင့် ပါလက်စတိုင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အဆိုအရ မြေပြင်စစ်ဆင်ရေးအတွင်း အစ္စရေး စစ်ဘက်က ပါလက်စတိုင်းနိုင်ငံသား အများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ပါလက်စတိုင်းနိုင်ငံသား များကို စနစ်တကျလွှဲပြောင်းပေးခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်