အစ္စရေးနိုင်ငံမှာ ဒီဇင်ဘာ ၂၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးမယ်လို့ ဝန်ကြီးချုပ်ပြော

၁၀ ဒီဇင်ဘာ

အစ္စရေးနိုင်ငံမှာ Pfizer-BioNTech ဆေးကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအား ဒီဇင်ဘာ ၂၇ ရက်မှာ စတင်ထိုးနှံပေးမှာဖြစ်ကြောင်း ဆေးကုမ္ပဏီမှ ပေးပို့တဲ့ ကာကွယ်ဆေးတွေကို ဗုဒ္ဓဟူးနေ့က လက်ခံစဉ်မှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

တဲလ်အဗစ်အနီးရှိ ဘန်ဂူရင်လေဆိပ်ကို ရောက်ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်ကို ဝန်ကြီးချုပ် နေတန်ယာဟုက လက်ခံစဉ်မှာ အခုလို ကာကွယ်ဆေး စတင်ထိုးနှံမယ့်ရက်ကို ကြေညာတာဖြစ်ပါတယ်။

Pfizer-BioNTech ဆေးကုမ္ပဏီမှ ကာကွယ်ဆေး ၈ သန်းဝယ်ယူဖို့ အစ္စရေးက သဘောတူထားရမှာ ပထမအသုတ်အဖြစ် ကာကွယ်ဆေးတွေ ရောက်ရှိလာတာဖြစ်ပါတယ်။ ဒုတိယအသုတ်ဟာ ဒီနေ့ (ကြာသပတေးနေ့) မှာ ဆိုက်ရောက်မှာဖြစ်ပြီး ပထမအကြိမ်ရောက်ရှိတဲ့ ပမာဏထက်များကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

တစ်နေ့လျှင် လူပေါင်း ၆၀,၀၀၀ ထိုးနှံပေးဖို့ ရည်မှန်းထားကြောင်းနဲ့ အစ္စရေးနိုင်ငံသားတွေအား ကာကွယ်ဆေးထိုးနှံကြဖို့ ဝန်ကြီးချုပ်က ဆော်ဩထားပါတယ်။ Pfizer မှ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အစ္စရေးနိုင်ငံတွင်းမှာ အသုံးပြုခွင့်ရရေး ခွင့်ပြုချက် လိုအပ်နေသေးတဲ့အတွက် ဝန်ကြီးချုပ်ဟာ ကျန်းမာရေးဝန်ကြီး၊ ကျန်းမာရေးဌာနရဲ့ အကြီးအကဲတွေနဲ့ ဒီနေ့(ကြာသပတေးနေ့)မှာ တွေ့ဆုံပြီး ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်အတွက် ဆွေနွေးသွားမယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

ဂျူးဘာသာဝင်တွေရဲ့ မီးထွန်းပွဲတော် (Hanukkah) မတိုင်ခင် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ် စတင်တာ ဖြစ်တဲ့အတွက် အစ္စရေးနိုင်ငံအတွက် အလင်းရောင်ဆောင်ကြဉ်းတာလို့ ဆိုနိုင်ကြောင်း နေတန်ယာဟုက ပြောကြားပါတယ်။

လူဦးရေ ၉ သန်းနေထိုင်တဲ့ အစ္စရေးနိုင်ငံအတွက် Moderna ဆေးကုမ္ပဏီမှ ကာကွယ်ဆေး ၆  သန်း ဝယ်ယူထားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး စုစုပေါင်း ၁၄ သန်း  ရှိပြီဖြစ်ပါတယ်။

 

Moderna ဆေးကုမ္ပဏီမှ ကာကွယ်ဆေးတွေဟာ ၂၀၂၁ ခုနှစ်မှာ ရရှိမယ်လို့ သိရပါတယ်။ ကာကွယ်ဆေးဟာ လူတစ်ဦးလျှင် ဆေး နှစ်လုံးထိုးနှံဖို့ လိုအပ်တာကို တွေ့ရပါတယ်။

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၄၉,၉၁၆ ဦးရှိပြီး သေဆုံးသူ ၂,၉၃၄ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MDN

ကိုးကား - AFP