အစိုးရ နဲ့ လွှတ်တော် ဘယ်လောက်ကောင်းတာတွေပဲ လုပ်နေလုပ်နေ သတင်းမီဒီယာရဲ့အခန်းကဏ္ဍပါဝင်မှုမရှိရင် ပြည်သူတွေ သိခွင့် မြင်ခွင့် ရမှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဆို

ဖျာပုံ  ၉    ဇူလိုင်

 

 

အစိုးရနဲ့လွှတ်တော် ဘယ်လောက်ကောင်းတာတွေချည်းပဲ လုပ်နေလုပ်နေ သတင်းမီဒီယာရဲ့       အခန်း ကဏ္ဍ ပါဝင်မှုမရှိရင် ပြည်သူတွေ သိခွင့် မြင်ခွင့်ရမှာ မဟုတ်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

 

 

ဇူလိုင်(၈)ရက်တွင် ပုသိမ်မြို့ ဂရုဏာစင်တာ၌ ကျင်းပသည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဧရာဝတီတိုင်းဒေသကြီး)နှစ်ပတ်လည်အစည်းအဝေးနှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

"အစိုးရနဲ့လွှတ်တော် ဘယ်လောက်ကောင်းတာတွေချည်းပဲ လုပ်နေလုပ်နေ သတင်းမီဒီယာရဲ့ အခန်း ကဏ္ဍ ပါဝင်မှုမရှိရင် ပြည်သူတွေ သိခွင့်မြင်ခွင့်ရမှာ မဟုတ်ပါဘူး၊ဒါကြောင့်မို့ ကျွန်တော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များဟာ သတင်းမီဒီယာသမားများသိချင်တဲ့ မေးမြန်းတဲ့ အချက်အလက် ၊ကိန်းဂဏန်းတွေကို အချိန်မရွေး ပြောဆိုဖြေကြားပေးနေပါတယ် ၊ဒါဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ဥပဒေပြုရေးမဏ္ဍိုင်နှင့် သတင်းမီဒီယာမဏ္ဍိုင်တို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင် နေခြင်းဖြစ်ကြောင်းပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

 

 

" မြန်မာနိုင်ငံသတင်းစာဆရာအသင်းကြီးကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာသမားတွေရဲ့ သာရေး၊ နာရေး၊လူမှုရေးကိစ္စတွေကိုဆောင်ရွက်နေကြတာ၊ သင်တန်းတွေဖွင့်လှစ်နေကြတာ၊သက်ကြီးသတင်း စာဆရာကြီးများကို ပူဇော်ကန်တော့တာ၊အမျိုးသားသတင်းဆုတွေ ချီးမြှင့်နေကြတာ၊နိုင်ငံတကာကို လေ့လာရေးခရီးနှင့် သင်တန်းတွေ စေလွှတ်ပေးနေတာစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်၊ဒါ့ကြောင့်မို့ ဧရာဝတီတိုင်းဒေသကြီး အလုပ်အမှုဆောင်အသစ်ပြန်လည်ရွေးချယ်မယ့် နေရာမှာ စည်းလုံးညီညွှတ်စွာနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရွေးချယ်ပေးနိုင်ဖို့ တိုက်တွန်းလိုပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ က တိုက်တွန်းပြောကြားခဲ့သည်။

 

 

ကျော်စိုးမိုး