အစိုးရနှင့် NCA- S EAO ကိုယ်စားလှယ်များ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေးဆက်လက်ကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးနှင့်  ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးနိုင်ခဲ့

 

ရန်ကုန် ၄ ဇူလိုင် 

 

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO) ၏ ပဉ္စမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဆက်လက်ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေးကျင်းပရေး နှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးနိုင်ခဲ့သည်။

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (အငြိမ်းစား)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA - S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြသည်။  ကိုဗစ်-၁၉ ကြောင့် အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဝေးရောက်ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

နှစ်ဖက် ညှိနှိုင်းအစည်းအဝေး၌ ဇူလိုင် ၂ ရက်တွင် ဆွေးနွေးခဲ့ကြသည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘောတူ ညီချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးနှင့် ညီလာခံမတိုင်မီ ကျင်းပမည့် အစည်းအဝေးအချိန်ဇယား၊ အခင်းအကျင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးအပြီးတွင် NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်စဝ်စိုင်းငင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “ပြီးခဲ့တဲ့ မိမိတို့နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ရဲ့ အကြောင်းအရာတွေထဲက ချန်ထားခဲ့တဲ့ ဆက်လက်ညှိနှိုင်းဖို့ အချက်တွေကို ယခုကျင်းပတဲ့ ပဉ္စမအကြိမ် အစည်းအဝေးမှာ ဆက်လက် ညှိနှိုင်းနိုင်ခဲ့တယ်။ သဘောတူညီချက်များလည်း ထပ်မံရရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေအောက်မှာ ကျင်းပရနိုင်ဖွယ်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းကို အသေးစိတ်ဆွေးနွေပြီး ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ညှိနှိုင်းနိုင်ခဲ့ပါတယ်။

 

“ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပုံသဏ္ဌာန် (Format) ကို ရေးဆွဲဖို့ စာချုပ်မူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်ရေးဆွဲသွားနိုင်ရေး ဆွေးနွေးနိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း မိမိတို့နှစ်ဖက်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့တွေရဲ့ ဆွေးနွေးညှိနှိုင်းအစည်းအဝေးကနေ ရရှိလာတဲ့ ရလဒ်တွေကို UPDJC နိုင်ငံရေးအစု အဖွဲ့ထံ ရှင်းလင်းတင်ပြနိုင်ရေးအတွက် သဘောထား ချမှတ်နိုင်ခဲ့တယ်။ ဆဌမအကြိမ်မြောက် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ နောက်ဆုံးပတ်မှာ ကျင်းပမှာဖြစ်လို့ အဲ့ဒီအစည်းအဝေး မတိုင်မီ ဆက်လက်ညှိနှိုင်းရမယ့် အချက်တွေ၊ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းမှာဆွေးနွေးရတာ အကန့်အသတ်ရှိတဲ့အတွက် လူချင်းမျက်နှာစုံညီထိုင်ပြီး ဆွေးနွေးညှိနှိုင်းမယ့် အခင်းအကျင်းမျိုးဖြစ်ဖို့ ကျန်းမာရေးညွှန်ကြားချက်များနဲ့အညီ မိမိအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ အစိုးရနဲ့ NCA-S EAO တို့ရဲ့ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက် အစည်းအဝေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါတယ်။ NCA အကောင်အထည်ဖော်မှု သဘောတူညီချက်၊ ၂၀၂၀ နဲ့ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးဆိုင်ရာ အခြေခံလမ်းညွှန်တွေကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ယခင်အစည်းအဝေးထက်ပိုတဲ့ သဘောတူညီချက်တွေ ထပ်မံရရှိပါတယ်။ ဆက်လက်ပြီး ဆွေးနွေးရန်ကျန်တဲ့ ကိစ္စတွေကို လာမယ့်အစည်းအဝေးမှာ သဘောတူညီမှု ရရှိနိုင်ဖို့အတွက် ကြိုးစားပေးကြပါလို့ ပြောကြားလိုပါတယ်။

 

“ကျွန်တော်တို့ (၂၁)ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက်လည်း အဆိုပြု အချိန်ဇယား အစီအစဉ်များကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ မကြာမီ အချိန်အတောအတွင်းမှာ နှစ်ဖက်အဆိုပြုချက် အချိန်ဇယားကို အတည်ပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် အစည်းအဝေးမှာ ယခု ကျွန်တော်တို့ သဘောတူညီခဲ့ပြီး ဖြစ်သည့်အတိုင်း မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးညှိနှိုင်းရမှာဖြစ်ပြီး ပိုမိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းရမှာ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် အစည်းအဝေးမှာ သဘောတူညီချက်တွေ ပိုမိုရရှိနိုင်မယ်” ဟု ပြောကြားခဲ့သည်။

 

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)  ၏ ဆဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို လာမည့် ဇူလိုင်လနောက်ဆုံးပတ်တွင် ရန်ကုန်၊ NRPC ရုံး၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

 

ပဉ္စမအကြိမ် နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးရလဒ်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ဇူလိုင်လ (၂) ရက်နေ့တုန်းက ကျွန်တော်တို့ နှစ်ဖက်ဆွေးနွေးခဲ့တာရှိတယ်။ ဇူလိုင်လ (၃) ရက်နေ့မှာတော့ သက်ဆိုင်ရာ အစုအဖွဲ့မှာ ပြန်လည်ညှိနှိုင်းပြီး ဒီနေ့မှာ ပြန်ပြီးဆွေးနွေးပါတယ်။ ဩဂုတ်လ ဒုတိယပတ်မှာလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံအတွက် အဓိက ရည်မှန်းပြီး ညှိနှိုင်းနေကြတာပါ။ ညှိနှိုင်းတဲ့နေရာမှာ ဒီနေ့ ခေါင်းစဉ်လေးခုကို ဆွေးနွေးခဲ့တာရှိတယ်။ ပထမသုံးခုက ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းမှာ ပါဝင်တဲ့ ခေါင်းစဉ်သုံးခုကို ညှိနှိုင်းပါတယ်။ နောက်ဆုံးခေါင်းစဉ်က ညီလာခံကျင်းပဖို့ လိုအပ်တဲ့ အခြေခံအချက်တွေပါ။ နောက်တစ်ကြိမ်ဆွေးနွေးပွဲတွေ၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးတွေ၊ JICM အစည်းအဝေး၊ UPDJC အတွင်းရေးမှူးအစည်းအဝေး၊ UPDJC ခေါ်မယ့် ရက်တွေနဲ့ ညီလာခံ ကျင်းပနိုင်မယ့် ရက်တွေကို ကျွန်တော်တို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တာဝန်ရှိသူတွေကို တင်ပြဖို့လိုသလို EAO ဘက်ကလည်း PPST ခေါင်းဆောင်တွေကို ပြန်တင်ပြဖို့လိုပါတယ်။ ညှိနှိုင်းဖို့ အနည်းငယ် ကျန်နေတဲ့ အချက်တွေကို ရန်ကုန်မှာ ပြန်ပြီးဆွေးနွေးဖို့ နှစ်ဖက်ညှိနှိုင်းထားပါတယ်။ အဲ့ဒါပြီးရင်တော့ ဩဂုတ်လဆန်းကနေစပြီး ညီလာခံပြီးတဲ့အထိ ကျွန်တော်တို့ လုပ်ဆောင်ရမဲ့ အဆင့်တွေကို လုပ်ဖို့ရှိပါမယ်” ဟုပြောသည်။

 

အစည်းအဝေးအပြီး ညနေပိုင်းတွင် အစိုးရနှင့် NCA - S EAO နှစ်ဖက်ကိုယ်စားလှယ်များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ယနေ့ အစည်းအဝေး ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကာ အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်း.. ရဲခေါင်ညွန့်၊ ဓာတ်ပုံ.. ဖိုးထောင်