အော်စကာဆုပေးပွဲမှာ ဆမ်မြူရယ်အယ်လ်ဂျက်ဆင်နှင့် ဒန်နီဂလော့ဘာတို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်မည်

ဇွန် ၂၇

ကျော်ကြားတဲ့ ဟောလိဝုဒ်မင်းသားကြီးတွေဖြစ်ကြတဲ့ဆမ်မြူရယ်အယ်လ်ဂျက် ဆင်နဲ့ ဒန်နီဂလော့ဘာတို့ဟာ နောင်နှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲ မှာ ဂုဏ်ပြုဆုတွေ ပေးအပ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆုပေးပွဲမှာ အော်စကာဂုဏ်ပြုဆုလေးဆုပေးအပ်သွားမှာဖြစ်ပြီး ဒီထဲမှာ ဆမ်မြူရယ် အယ်လ်ဂျက်ဆင်နဲ့ ဒန်နီဂလော့ဘာတို့လည်း ပါဝင်နေကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

သူတို့နှစ်ဦးကို အော်စကာဂုဏ်ပြုဆုချီးမြှင့်သွားမှာဖြစ်ကြောင်း အနုပညာနှင့် သိပ္ပံအကယ်ဒမီက ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဆမ်မြူရယ်အယ်လ်ဂျက်ဆင်နဲ့ ဒန်နီဂလော့ဘာတို့ဟာ သူတို့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက်လုပ်ဆောင်ခဲ့တဲ့ အနုပညာဖန်တီးမှုတွေနဲ့ အခြားသော လုပ်ဆောင်မှုတွေကြောင့် ယခုလို ဂုဏ်ပြုဆုချီးမြှင့်ဖို့ရာ ရွေးချယ်ခံခဲ့ ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆမ်မြူရယ်အယ်လ်ဂျက်ဆင်နဲ့ ဒန်နီဂလော့ဘာတို့ကို လာမယ့်နှစ် ဇန်နဝါရီလအတွင်း ပြုလုပ်သွားမယ့် အကယ်ဒမီဆုပေးပွဲမှာ ဂုဏ်ပြုဆု ပေးအပ်သွားမှာဖြစ်ပြီး သူတို့နဲ့အတူအခြားသော အနုပညာရှင်နှစ်ဦးကိုလည်း ဂုဏ်ပြုဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ၎င်းတို့ကတော့ အမေရိကန် စာရေးဆရာနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူအယ်လင်းမေနဲ့ နော်ဝေမင်းသမီးတစ်ဦးဖြစ်တဲ့ လိဗ်အီလ်မန်တို့ ဖြစ်ကြပါတယ်။

ဆမ်မြူရယ်အယ်လ်ဂျက်ဆင်ဟာ Avengers နဲ့ အခြားသော မာဘယ် ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အနုပညာ သက်တမ်းတစ်လျှောက် ရုပ်ရှင်ပေါင်း ၁၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်အတွင်း ပြသခဲ့တဲ့ Pulp Fiction ရုပ်ရှင်နဲ့ အော်စကာဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒန်နီဂလော့ဘာဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ထောက်ခံအားပေးခဲ့မှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆုကို ချီးမြှင့်ခံရမှာလည်း ဖြစ်ပါတယ်။ သူဟာလက်ရှိမှာယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေး သံအမတ်ကြီး အဖြစ်လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

အေးပြည့်