ရန်ကုန် ၁၀ ဒီဇင်ဘာ
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သော အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ ရိုးရာလှေတွင် ရွှေ(၁)၊ ငွေ(၁)ခု၊ ကြေး(၂)ခု၊ ကနူးလှေတွင် ငွေ(၂)ခု၊ အနောက်တိုင်းလှေတွင် ကြေး(၂)ခု၊ စုစုပေါင်းရွှေ(၁)ခု၊ ငွေ(၃)ခု၊ ကြေး(၄)ခုဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ မြားပစ်အားကစားအဖွဲ့မှ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ် (၁)ခုဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားအဖွဲ့မှ ငွေတံဆိပ်(၁)ခုဖြင့် လည်းကောင်း၊ မြန်မာအမျိုးသမီး ဘောလုံးအသင်းမှ တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အားကစားအဖွဲ့မှ ကြေးတံဆိပ် (၄)ခု၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခုဖြင့် ရရှိခဲ့သော အားကစားသမားများသည် ယမန်နေ့ညနှင့် နံနက်ပိုင်းတို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ အားကစားသမားများအား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အား/ကာ