အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားကို အသစ်တည်ဆောက်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထား  

နေပြည်တော်  ၁၄  သြဂုတ်

အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ ဝါးပြားချောင်းကူးရေပုပ်သိုးတံတားကို အသစ်တည်ဆောက်ပေးရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒသမနေ့တွင် ရှင်းလင်းပြောကြားသည်။ 

 

22222

 

အစည်းအဝေးတွင် ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ “အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ တံတားအမှတ် ၂/၄၆ ဝါးပြားချောင်းကူး ရေပုပ်သိုးတံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဝါးပြားချောင်းကူး ရေပုပ်သိုးတံတား၏ မြေပြင်အခြေအနေအား တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၂)နှင့် သက်ဆိုင်ရာ အင်ဂျင်နီယာများ ကွင်းဆင်း စစ်ဆေးခဲ့ရာ တံတားအဝင် အထွက်လမ်းသည် အတက်အဆင်းများပြီး တံတားနေရာတွင် ချိုင့်ဝှမ်းသို့ ကျရောက်နေခြင်း၊ လက်ရှိတံတား ရေဝပ်ဧရိယာသည် လုံလောက်မှုမရှိခြင်း၊ ချောင်းကမ်းပါး စောက်နက်ခြင်း၊ ကမ်းကပ်ခုံများအား ရေတိုက်စားမှုများ ဖြစ်ပေါ်နေခြင်းနှင့် လမ်းကွေ့အပိုင်းတွင် တည်ရှိနေခြင်းတို့ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းစေရေးအတွက် လမ်းနှင့်တံတား Alignment အသစ်တစ်ခု ရှာဖွေ၍ အရှည်ပေ ၄၀၊ အကျယ် ၃၄ ပေ သံကူကွန်ကရစ်တံတားအသစ်နှင့် ချဉ်းကပ်လမ်းတို့ တည်ဆောက်ရမည် ဖြစ်ပါကြောင်း။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၏ “မြင်းမူမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု (၁၇) အုပ်စုမှ ကျေးရွာ (၄၀)ရှိ မော်တော်ကားများ(အားလုံး)နှင့် ထော်လာဂျီများကို မည်သည့်အချိန်တွင် တိုးဂိတ်အား အခမဲ့ ဖြတ်သန်းခွင့် ပြုမည်ကိုသိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း-မြင်းမူ-မုံရွာ လမ်းကို ရွှေတောင်ကုမ္ပဏီမှ B.O.T စနစ်ဖြင့် အကျယ် (၂၄)ပေ နိုင်လွန်ကတ္တရာ လမ်းချဲ့ခြင်းလုပ်ငန်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် မြင်းမူတိုးလ်ဂိတ် အရှေ့အနောက် (၃) မိုင်ဝန်းကျင် ရှိဒေသခံကျေးရွာများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ယာဉ်စာရင်းအမှန် ကောက်ယူရေးအဖွဲ့က ကောက်ယူထားသော စာရင်းများအတိုင်း ဖြေလျော့ပေးထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ “ပြည်ထောင်စုတစ်ဝန်းလုံးရှိ ရပ်ကွက်  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့် လျော်ညီသော စရိတ်၊ ချီးမြှင့်ငွေ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများအား လစဉ်ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ချီးမြှင့်ထောက်ပံ့ငွေ (၇၀,ဝ၀ဝ) ကျပ် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ၏ ငွေစာရင်းမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လစဉ်ချီးမြှင့်ငွေ ထုတ်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ် ချီးမြှင့်ထောက်ပံ့ငွေကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေ၊ ခေတ်ကာလ အခြေအနေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းသဘောသဘာဝ အခြေအနေ၊ နယ်မြေဒေသန္တရ အခြေအနေ အရပ်ရပ်တို့အား လွှမ်းခြုံထည့်သွင်းစဉ်းစား၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတော် ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေး မူဝါဒနှင့်အညီ သတ်မှတ်ခွင့်ပြုပေးအပ်ခဲ့ခြင်းဖြစ်၍ လတ်တလော အခြေအနေတွင် တိုးမြှင့်သတ်မှတ် ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့အတူ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၏ “ မချမ်းဘော မြို့အမည်၌ “ဘော” နေရာတွင် “ဘော့” အောက်ကမြစ်ထည့်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်း၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ “ကျောက်ဖြူမြို့တွင် လက်ရှိဂေါက်ကွင်းကို တရားဝင် အမည်ဖောက်ထားခြင်း ရှိ မရှိနှင့် ဂေါက်ကွင်းအတွင်း နဒီသောင်ယံစားသောက်ဆိုင် အနီးတစ်ဝိုက်၌ ကိုယ်ပိုင်မြေမရှိသေးသော ဌာနဆိုင်ရာများကို ရုံးအဆောက်အဦ ဆောက်လုပ်သုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ရှင်းလင်းဖြေကြားသည်။

အလားတူ မောင်တောမဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၏ “တိုင်းရင်းသားမျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ “မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသည့် လူမျိုး(၁၃၅)မျိုးရှိကြောင်းကို ယခု မျက်မှောက်ခေတ်ကာလတွင် မှန်ကန်မှုရှိ မရှိ ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်း” လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တင်သွင်းသည့်“ ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝ ရရှိစေရေးနှင့် အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောက ဒေသတွင်း အာဆီယံ နိုင်ငံများရှိ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းကြောင်းကို ကြည့်သည့်အခါ လုပ်သားအင်အားအခြေပြု ကုန်ထုတ် လုပ်ငန်းများမှတစ်ဆင့် အစပြုခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့သော လုပ်သားအရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံအနေဖြင့် တိုင်းပြည်စီးပွားရေးကို ဆွဲတင်နိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုပြဿနာ၊ အလုပ်အကိုင် ရှားပါးနေမှု ပြသနာကို ဖြေရှင်းနိုင်ရန် လုပ်သားအခြေပြုလုပ်ငန်းများကို အားပေးသင့်ပါကြောင်း။

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး နိုင်ငံတကာက ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလွယ်တကူဝင် ရောက်လုပ်ကိုင်နိုင်မည့် ရေခံမြေခံ၊ အခင်းအကျင်းမျိုးဖြစ်အောင် အထူးတလည် ပြင်ဆင်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ လက်ရှိ အခြေခံ အဆောက်အဦပိုင်း၏ အားနည်းချက်များကို ဖြည့်ဆည်းပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲ၊ အဟန့်အတားဖြစ်စေမည့် အရာများကို ဖယ်ရှားရန်နှင့် ဖြေလျော့ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံတွင် ဒုက္ခကြုံတွေ့နေရသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အနာဂတ်ဘဝ လှပလာစေရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ထိရောက်သည့်မူဝါဒများချမှတ်ပြီး ကူညီစောင့်ရှောက်သွားသင့်ပါကြောင်း ဆွေးနွေးသည်။

မိုင်းပန်မဲဆန္ဒနယ်မှ စိုင်းကျော်မိုးက ယခုဆိုလျင် အစိုးရအနေဖြင့် (FDI) အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းကမ်းထိန်းချုပ်မှု စုပေါင်းအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများထက် ပို၍စည်းကမ်း တင်းကြပ်နေသေးကြောင်း တွေ့ရသည့်အတွက် ယင်းအချက်များကို ဖြေလျောပေးမှသာ CMP လုပ်ငန်းများ တိုးတက် လာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ ၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ငန်း လုပ်ရလွယ်ကူမှု စစ်တမ်းတွင်လည်း နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁အဖြစ် မတိုးတက်ဘဲ ဆက်လက်တည်ရှိနေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည့်အတွက် များစွာဖြေလျော့ပေရန် လိုအပ်နေပါကြောင်း။

ယင်းအဆိုသည် မိမိတို့နိုင်ငံ၏ ပြည်ပရောက် မြန်မာလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှ တိကျပြတ်သား ကောင်းမွန်သည့် မူဝါဒများချမှတ်ပေးနိုင်ရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အဓိကကျသည့် ပြည်တွင်းတွင် Labour Intensive Industry အလုံးအရင်းပေါ် ပေါက်လာရန်အတွက် အလွန်ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် တင်သွင်းခြင်းဖြစ်သည့်အတွက် အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝ ရရှိစေရေး၊ အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်း ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် ကိစ္စသည် နိုင်ငံတော်အစိုးရအနေဖြင့် တိကျသည့် မူဝါဒများ ချမှတ်ပြီး အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့်အတွက် အဆိုကို မှတ်တမ်းအဖြစ် ထားရှိပေးပါရန် ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုရှင်တို့ သဘောကွဲလွဲ နေသည့်အတွက် စက်ခလုပ်အသုံးပြု၍ ဆန္ဒမဲရယူရာ ကန့်ကွက်မဲများသဖြင့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တင်သွင်းသည့်အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 

သတင်း၊ မော်စီ၊ မွေွှးကြူဇင်
ဓာတ်ပုံ၊ ထိုက်ထိုက်