အေးမြသာယာ

 

သိပ္ပံမောင်ဝ

 

မောင်လူအေး တိုက်အပေါ်ထပ် အိပ်ခန်းထဲရှိ ကြိမ်ပက်လက် ကုလားထိုင်ပေါ်တွင်   တစ်ယောက်တည်း  ထိုင်လျက်နေသည်မှာ အတော်ကြာလေပြီ။ လက်ထဲတွင်ကား နံနက်က ရောက်လာသော ရန်ကုန်ဂေဇက်သတင်းစာကို ကိုင်လျက်ထား၏။ ၎င်းသတင်းစာကို ဖတ်ချည်ချချည်နှင့် လုပ်နေ၏။ စာ၌ စိတ်ပါပုံမပေါ်၊ သတင်းတစ်ခုခု ကို ဆုံးအောင်မဖတ်၊ ခေါင်းစဉ်ကိုသာ ကြည့်ရင်း ကျော်၍ကျော်၍ သွားလေတော့သည်။

 

နောက်ဆုံး၌ သတင်းစာကို အနီးရှိစားပွဲပေါ်တွင်ချကာ စီးကရက် တစ်လိပ်ကို မီးညှိ၍သောက်၏။ ဆေးလိပ်မှ ထွက်သွားသော မီးခိုး တို့ကို မော်၍ကြည့်၏။ နက်နဲစွာစိတ်ကူးထုတ်နေပုံ ပေါ်လေသည်။ ပတ်ဝန်းကျင်တွင်ရှိသော အိမ်ထောင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကြည့်၏။ အလိုမကျသည့် မျက်နှာကို မြင်ရလေသည်။ ဘာများ အလိုမကျပါလိမ့်။ ညှိထားသောဆေးလိပ်မှာလည်း တစ်စတစ်စ မီးစာ ဖြစ်၍လာခဲ့၏။ တိုသည်ထက်တို၍ လာခဲ့၏။ နောက်ဆုံးလက်ကို မီးလောင်သောအခါကျမှ ချေကာ ထွေးခံအတွင်းသို့ ပစ်သွင်းလိုက် လေတော့သည်။ အကြင်ဆေးလိပ်တိုလေးသည် ရှဲခနဲဆို ထွေးခံ အတွင်း၌ ပျက်စီးခြင်းသို့ ရောက်ရရှာလေတော့သတည်း။ အိမ်အပြင် ဘက်တွင်ကား မိုးတစိမ့်စိမ့်နှင့်နေ၏။ ထိုမိုးတစိမ့်စိမ့်နှင့်နေသည်ကို ပြတင်းပေါက်မှ လှမ်း၍ကြည့်၏။ အနီးရှိ အုန်းပင်ပေါ်တွင် ကျီးနှစ်ကောင်မှာ မိုးရေထဲ၌ကုပ်ကာ တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့နေကြကုန်၏။ ချမ်းပင်ချမ်းသောကြောင့်ပေလော၊ တစ်ကောင် နှင့်တစ်ကောင် ချစ်ကြသောကြောင့် ပေလော။

 

ဤသို့ကြည့်နေ၍ အတန်ကလေးကြာလျှင် တံခါးဝမှ ခြေသံကြား၍ လှည့်ကြည့်လိုက်ရာ ခင်သန်းမြင့်လေး ဝင်လာသည်ကို မြင်ရ၏။ ခင်သန်းမြင့်လေးက ပြုံးလျက်အခန်းထဲသို့ ဝင်လာလေသည်။ မောင်လူအေးသည် ပြန်၍ပြုံး၏။ မည်မျှစိတ်ကြည်၍ သွားကြမည်နည်း။ ခင်သန်းမြင့်၏ အကြည်ဓာတ်သည် မောင်လူအေး၏ စိတ်ကို တိုးဝှေ့၍သွား၏။ မောင်လူအေး၏ အကြည်ဓာတ်သည်လည်း ခင်သန်းမြင့်၏ စိတ်ကိုတိုးဝှေ့၍ သွားလေတော့သည်။ မောင်လူအေး ယခင်မျက်နှာမှာ ချက်ချင်းပြောင်းသွား၏။

 

မောင်လူအေးက စတင်၍

 

ကိုကို မြင့်ကို စောင့်နေရတာ ကြာလှပြီ၊ လာနိုး လာနိုးနဲ့ ဟု ပြော၏။

 

 ခင်သန်းမြင့်က တစ်ဖန်...

 

ဪ... ဧည့်သည်တွေက စကားကောင်းနေလို့ မတက်လာတာ၊ လာချင်တာတော့ ကြာပါပြီ၊ စိတ်ကောက်နေသလားဟု ပြန်၍မေး၏။

 

မကောက်ရပါဘူးဟု ဖြေ၏။

 

ဤသို့ ချစ်တင်းဆိုနေရင်း ခင်သန်းမြင့်က မောင်လူအေး ထိုင်နေသော ပက်လက်ကုလားထိုင်နှင့် ကပ်လျက် ကြမ်းပြင်ပေါ်၌ လာ၍ထိုင်၏။ မောင်လူအေး၏ လက်လည်းအခွင့်မတောင်း ဘာမတောင်းဘဲ ခင်သန်းမြင့်၏ နဖူးအထက် ဆံစဆီသို့ ရောက်၍သွား၏။ ရောက်ရုံမျှမက၊ ပေါက်ခါစဆံပင်လေးများကိုပင် သပ်လျက်နေ၏။ အတန်ကြာအောင်ပင် စကားမပြော ဘာမပြောဘဲ နေကြကုန်၏။ ဤသို့ ဆိတ်ဆိတ်နေခြင်းသည် ချစ်တင်းဆိုသည်ထက်ပင် ကောင်းဟန်၊ စည်းစိမ်ရှိဟန်၊ ကြည်နူးကြဟန်တူလေသည်။ စာရေးဆရာကမူကား အဘယ်မှာလျှင် တပ်အပ်သေချာ ပြောကြား နိုင်ပါအံ့နည်း။

 

ခင်သန်းမြင့်လေး၏ လက်ထဲတွင်ကား ပိုးကြိုး နီနီ၊ ဝါဝါ၊ ပြာပြာ၊ စိမ်းစိမ်းတို့နှင့်တကွ မိန်းမအင်္ကျီအသစ်တစ်ထည်ကို ကိုင်လျက်ပါလာ၏။ ထိုင်ကာ မိမိအင်္ကျီတွင် ပန်းပွင့်လေးများကို ထိုးလျက်နေ၏။ ခင်သန်းမြင့်၏ ပယောဂကြောင့် ထိုပိုးကြိုးလေးများမှာ ပိုးကြိုးဘဝမှ ပန်းပွင့်လေးများဘဝသို့ ရောက်သွားကြသည်ကို မောင်လူအေးလည်း စိုက်၍ကြည့်လျက်နေ၏။ ခင်သန်းမြင့်လည်း တစ်ချက်တစ်ချက် မောင်လူအေးအား မော်၍ကြည့်၏။ မျက်စိချင်းဆိုင် မိကြလေသည်။ ရာဂ ပုတ္တလေးတွေ သိန်းသန်းမက အများကြီး ဖွား၍ ကုန်၏၊ ခင်သန်းမြင့်ကစ၍ ပြုံး၏။ မောင်လူအေးက လိုက်၍ ပြုံးပြန်၏။ ပြုံး၍မျှ မတင်းတိမ်သေး၊ “ကိုကို ဟု နှုတ်က ခေါ်မိ၏။ “မြင့်ဟု ပြန်၍ ထူးမိ၏။ ၎င်း “ကိုကို” “မြင့်”  ဆိုသော စကားကလေး နှစ်ခွန်းမှာ ပေါ်ထွက်လိုက်သည်၏ ခဏပင်လျှင် ချုပ်လျော ရွေ့လျား၍ သွားကြကုန်၏။ ဤသို့ ချုပ်၍ သွားကြလေကုန်သော်လည်း ခင်သန်းမြင့်နှင့် မောင်လူအေးတို့၏ နားထဲတွင်မူကား စွဲမြဲလျက် ကျန်နေကြကုန်၏။ ပဲတင့်သံကဲ့သို့ အဖန်ဖန်ကြားလျက် နေကြပေ၏။ အချစ်နှစ်ဦးတို့မှ မေတ္တာတည်းဟူသော ပင်လယ်ကြော၌ မျောပါယစ်မူး လျက်နေကြသောကြောင့် ထပ်၍မျှ စကားမပြောနိုင်။ ထပ်၍မျှ မခေါ် နိုင်။ ထပ်၍မျှ မပြုံးနိုင် ဖြစ်နေကြကုန်၏၊

 

ဤသို့ စကားမပြော ဘာမပြော၊ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ ပီတိဖြစ်နေတုန်းတွင် ဖြုန်းခနဲ အခန်းအပြင် ဘက်မှ “မမ ဟူ၍ ခေါ်သံကို ကြားလိုက်ရ၏။ မောင်လူအေး၏ ကိုယ်တော်မြတ် ညာလက်သည် ခင်သန်းမြင့်၏ဆံစမှ ကုလားထိုင် လက်ရန်းသို့ အမှုမဲ့ အမှတ်မဲ့ပြန်၍ကြွခဲ့၏။ ခင်သန်းမြင့် သတိမထားမိ၊ မောင်လူအေးလည်း သတိမထားမိ။

 

ခင်သန်းမြင့်လည်း ဣန္ဒြေမပျက် ထူးလိုက်လေ၏။ အခန်းတွင်းသို့ ပြေး၍ ဝင်လာသူကား ခင်မြိုင်မြိုင်တည်း။ မောင်လူအေး၏ စာသုံးစောင်ကို လာ၍ပေးလေသည်။ ခင်မြိုင်မြိုင်မှာ အသက် (၁၆) နှစ်ရှိ ခင်သန်းမြင့်၏ ညီမလေးဖြစ်လေသည်။ ခင်မြိုင်မြိုင်လည်း စာသုံးစောင်ကိုပေးပြီး ထွက်သွားမည်ပြု၏။ မောင်လူအေးက စက်သီချင်းဖွင့်ရအောင်ဟူ၍ ပြောသောကြောင့် စက်သီချင်းထားရာသို့ သွားကာဖွင့်လေတော့သည်။

 

မောင်လူအေးလည်း စာသုံးစောင်ကို စက်သီချင်းနားထောင်ရင်း တစ်စောင်ပြီးတစ်စောင်ကို ဖတ်၏။ ပြီးလျှင် တစ်စောင်ပြီးတစ်စောင် ခင်သန်းမြင့်လေးသို့ ပေး၏။ ခင်သန်းမြင့်လေးလည်း ဖတ်ကာပြုံး၏။ မောင်လူအေးအား မော်၍ကြည့်၏။ မောင်လူအေးကလည်း ပြန်၍ ပြုံး၏။ ၎င်းစာတို့ကား မိတ်ဆွေများက ၎င်းတို့အား နောက်၍ရေးလိုက် သောစာများဖြစ်လေသည်။ မောင်လူအေးတို့၏ ပြုံးခြင်းသည် ခင်မြိုင်မြိုင်သို့ပင် ကူးစက်၍သွား၏။ခင်မြိုင်မြိုင်မှာ ဘာမသိညာမသိ ပြုံးလျက်ပင်နေ၏။ အပြုံးတည်းဟူသော တောထဲတွင် တသောသော နှင့်နေကြကုန်၏။

 

ခင်မြိုင်မြိုင်က မောင်လူအေးတို့အား သရော်သောအနေဖြင့် “ခင်တုန်း ချစ်စ ကြင်နာစ ကြားထဲက လေသွေးတော့ ဝေးတယ်လို့ထင် ပါသော တစ်ယောက်ထိုင် လန်ချားခေါ် ဓာတ်ပြားကို ထပ်ကာထပ်ကာ ဖွင့်လျက်နေ၏။ ချစ်သူနှစ်ဦးတို့လည်း ကြည်နူးလျက်ပင်။ လေးကြိမ်၊ ငါးကြိမ်ကျ၍ ချစ်သူနှစ်ဦးတို့က တောင်းပန်ကြတော့မှ အခြား ဓာတ်ပြားတို့ကို သွင်း၏။ ပျော်၍မဆုံး၊ ဝမ်းမြောက်၍မဆုံး၊ ကြည်နူး၍ မဆုံး တပြုံးပြုံးနှင့်နေကြကုန်၏။

 

မကြာမီ အိမ်ပေါ်သို့ ပြေး၍တက်လာကြသော သူတို့ကား ခင်ခင်သီနှင့် ခင်ခင်ရီတို့ဖြစ်ကြ၏။ ခင်ခင်သီကား အသက် (၁ဝ) နှစ် ခန့်၊ ခင်ခင်ရီကား အသက်ရှစ်နှစ်ခန့်။ ၎င်းတို့၏ပခုံးတွင် စာအုပ် လွယ်အိတ်ကလေး တစ်လုံးစီလွယ်လျက်၊ တယ်လဲ ဝမ်းသာကြထင်ပါ ရဲ့။ ကျောင်းလွှတ်၍ အိမ်သို့ရောက်လျှင်ရောက်ချင်း စာအုပ် လွယ်အိတ်ကို မထားသေးဘဲ အိမ်ပေါ်သို့ ပြေးတက်ကြခြင်းဖြစ်လေ သည်။ ၎င်းတို့နှုတ်ဖျားတွင်မူကား “ကိုကို ကိုကို ဆိုသော စကားများ သီးလျက်နေ၏။ ခေါ်၍ အားမရနိုင်ကြ။ မောင်လူအေး၏ ပေါင်ပေါ်တွင် ညီအစ်မနှစ်ယောက် လု၍ ထိုင်ကြ၏။ မောင်လူအေးကား မည်သူ့ကိုမျှ မျက်နှာမလိုက်၊ နှစ်ယောက်စလုံးအား ပေါင်ပေါ်တွင် ထိုင်စေ၏။ နေ့ခင်းက သင်ကြားရသော စာများအကြောင်းကို မေး၏။ သူ့ထက်ငါ မသာသာအောင် ဖြေကြ၏။ ဆရာက နေ့ခင်းက အမှတ်ပေးလိုက်သည့် စာအုပ်တို့ကို ထုတ်၍ပြကြ၏။ တစ်ယောက်ကိုတစ်ယောက် နှိမ့်ချ ၍ ဆိုကြ၏။ ကိုယ်သာတတ်သည်၊ သူမတတ်ဟူ၍ ဆိုကြခြင်းကား ကလေးတို့၏ သဘောတည်း။

 

ဤသို့ ထွေးလုံးရစ်ပတ် မေးမြန်းနေ၊ ဖြေဆိုနေကြသည့် အတွင်းတွင် ခင်မြိုင်မြိုင်ကလည်း ဓာတ်ပြားတစ်ပြားပြီးတစ်ပြား အစဉ်အတိုင်းဖွင့်၍သွားသည်မှာ ဓာတ်ပြားပေါင်း ၁၂ ပြားမျှပင် ကျလေပြီ။ ခင်မြိုင်မြိုင်ကလည်း မိမိဖွင့်နေသောသီချင်းများကို နားမထောင်ရကောင်းလားဟု စိတ်ဆိုးမယောင်နှင့် စက်သီချင်းကို ပိတ်လိုက်မည်ပြု၏။ မောင်လူအေးက တောင်းပန်ရပြန်လေသည်။

 

နောက်ဆုံး၌ အားလုံးကျေနပ်ကြစေရန် ခင်ခင်သီနှင့် ခင်ခင်ရီ တို့ကို အကခိုင်း၏။ ကလေးများလည်း မိမိတို့တတ်စွမ်းသမျှ တစ်ယောက်နှင့်တစ်ယောက်သာလေအောင် ကြိုးစား၍ကကြ၏။ မောင်လူအေးနှင့် ခင်သန်းမြင့်တို့က လက်ခုပ်ဝိုင်း၍တီးကြ၏။ ပျော်လိုက်ကြတဲ့ဖြစ်ခြင်း။ ငါးယောက်သား ဆူညံလျက်နေကြလေ တော့၏။ ရယ်သူကရယ်၊ မြှောက်ပေးသူကမြှောက်ပေး၊ ပြုံးသူကပြုံး၊ အားရပါးရ ကသူကနှင့် ပျော်စရာ့ပျော်စရာကြီး ဖြစ်လေသည်။

 

ခင်သန်းမြင့်တို့၏ မိခင်နှင့် ဖခင်တို့ကား အပြင်ဘက်ခန်းရှိ ကုလားထိုင်တို့တွင် ထိုင်ကာ စာရင်းစာအုပ်ကြီးများကို ဖွင့်လျက် စာရင်းရှင်းနေကြကုန်၏။ သို့စာရင်းရှင်းနေကြ၊ အလုပ်အကြောင်း ဆွေးနွေးနေကြသော်လည်း မိမိတို့၏စိတ်မှာမူကား ထိုစာရင်းတို့ တွင်လည်း ရှိမည်မဟုတ်။ အလုပ်တွင်လည်း ရှိမည်မထင်။ သမီး လေးယောက်နှင့် သားမက်ဖြစ်သောမောင်လူအေးတို့ ပျော်ရွှင်စွာ ရှိနေကြသည့် နေရာသို့သာ ရောက်နေကြသည်ဟုဆိုလျှင် မှားလိမ့် မည်မထင်။

 

ထိုခဏတွင် မောင်လူအေး၏စိတ်ကို ကျေနပ်ခြင်း၊ နှစ်သက်ခြင်း၊ အားရခြင်းတို့က လွှမ်းမိုး၍ ထားသောကြောင့် လောကကို မေ့လျက်နေတော့၏။ အလုပ်စိတ်များ မဝင်နိုင်။ အခွန်ကောက်သော စိတ်များ မဝင်နိုင်၊ ပူပင်သောကစိတ်များ မဝင်နိုင်၊ လုံးလုံးကြီးအေးမြလျက် နေပေ၏။ ခင်သန်းမြင့်နှင့် မင်္ဂလာဆောင်ပြီးနောက် ခွင့်နှင့်နေသည် မဟုတ်ပါလော။

 

(ပျားရည်ဆန္ဒ)ဟု ခေါ်ဆိုလေ့ရှိကြသော ချိုချိုအေးအေးကလေး နေရသော အချိန်ကာလ မဟုတ်ပါလော။ ခင်သန်းမြင့်လေးတို့၏ အချစ်ငွေ့တွင် မြောမေ့၍ နေလေတော့သတည်း။

 

၁၉၃၂ ခုနှစ်၊ နိုဝင်ဘာ၊ ဂန္ထလောက။