AFC Cup အုပ်စုနောက်ဆုံးပွဲများ မေ ၁၅ ရက်တွင် ကျင်းပမည်

ရန်ကုန် ၁၄ မေ

 


မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို မေ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် ရန်ကုန်အသင်းမှာ အိမ်ကွင်း၊ ရှမ်းယူနိုက်တက်အသင်းမှာ အဝေးကွင်း ကစားရမည်ဖြစ်သော်လည်း အုပ်စုတက်ရန် မျှော်လင့်ချက်မရှိတော့သော်လည်း ဂုဏ်သိက္ခာပိုင်းအတွက် ကစားရမည်ဖြစ်သည်။

 

အုပ်စုနောက်ဆုံးနေ့အဖြစ် သုဝဏ္ဏကွင်း၌ ညနေ ၄ နာရီခွဲတွင် ရန်ကုန် (မြန်မာ) နှင့် နာဂါဝေါ (ကမ္ဘောဒီးယား)၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဘန်ကာနိုကွင်း၌ ပါဆီဂျာဂျကာတာ (အင်ဒိုနီးရှား) နှင့် ရှမ်းယူနိုက်တက် (မြန်မာ) တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု (F) တွင် ပါဝင်နေသည့် ရန်ကုန်နှင့် နာဂါဝေါအသင်းသည် သုံးမှတ်စီရထားပြီး ရန်ကုန်အသင်းအနေဖြင့် ပထမအကျော့ အဝေးကွင်းရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

 

ရန်ကုန်အသင်းသည် ယခုပွဲမတိုင်မီ နည်းပြအပြောင်းအလဲဖြစ်ပေါ်ထားပြီး ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်း၏ ပထမဆုံးပွဲလည်းဖြစ်သည်။ အုပ်စုငါးပွဲဆက် ရှုံးနိမ့်ထားသည့် ရှမ်းယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ပထမဆုံးအမှတ်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ နှစ်သင်းစလုံးသည် မေ ၁၉၊ ၂၀ ရက်တွင် ပြည်တွင်းပြိုင်ပွဲဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် ကစားရန်ရှိနေသောကြောင့် ယခုပွဲထက် ရှုံးထွက်ပွဲကို ပိုမိုအာရုံစိုက်ဖွယ်ရှိနေသည်။

 

AFC Cup ပြိုင်ပွဲ အာဆီယံဇုန်တွင် အုပ်စုသုံးခု ပါဝင်ပြီး အုပ်စု (G) တွင် ဆီရက်စ် (ဖိလစ်ပိုင်)၊ အုပ်စု (H) တွင် မာကာဆာ (အင်ဒိုနီးရှား) အသင်းတို့မှာ နောက်ဆုံးပွဲမတိုင်မီ အုပ်စုပထမရကာ ဇုန်ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး ကျန်နေရာအတွက် နောက်ဆုံးပွဲပြီးမှ အဖြေထွက်ပေါ်မည်ဖြစ်သည်။

 

ညီမြတ်သော်တာ