AFC Cup ပြိုင်ပွဲ နောက်ဆုံးပွဲတွင် ရန်ကုန်အသင်း အနိုင်ရ

ရန်ကုန် ၁၅ မေ

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု(F) နောက်ဆုံးနေ့အဖြစ် ရန်ကုန်အသင်းနှင့် ကမ္ဘောဒီးယားကလပ် နာဂါဝေါအသင်းတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်မရှိ်တော့သော်လည်း အကောင်းဆုံးကြိုးစားခဲ့ပြီး ရန်ကုန်အသင်းက ပထမအကျော့ အဝေးကွင်းရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းလက်ထက် ပထမဆုံးပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဒုတိယမြောက် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းသည် မီလာ၊ စိုးမင်းနိုင်၊ ရန်အောင်ကျော်၊ မောင်မောင်လွင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဆယ်လာကို နောက်ပိုင်းမှ ထည့်သွင်းကစားခဲ့သည်။ ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားသော်လည်း ဂိုးမသွင်းနိုင်၍ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ၅၃ မိနစ်တွင် ရန်ကုန်အသင်း ပယ်နယ်တီကန်ခွင့်ရသော်လည်း ဆယ်လာ ဂိုးဝင်အောင် သွင်းယူနိုင်ခြင်းမရှိိခဲ့ပေ။ ယင်းနောက်ပိုင်းတွင် ရန်ကုန်အသင်းက ဂိုးရရန် တိုက်စစ်ပိုမြင့်လာပြီး ၇၆ မိနစ်တွင် မောင်မောင်လွင်က ပထမဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၉၀+၆ မိနစ်တွင် မီလာက ဒုတိယဂိုးထပ်သွင်းခဲ့သည်။ 

အုပ်စု (F) ပွဲစဉ်များအပြီးတွင် ဟနွိုင်း (ဗီယက်နမ်) နှင့် တမ်ပနိစ်ရိုဗာ (စင်ကာပူ) တို့က ၁၃ မှတ်စီ၊ ရန်ကုန် (မြန်မာ) က ခြောက်မှတ်၊ နာဂါဝေါ (ကမ္ဘောဒီးယား) က သုံးမှတ်ရရှိခဲ့သည်။ ဟနွိုင်းနှင့် တမ်ပနိစ်ရိုဗာအသင်းသည် အမှတ်တူသော်လည်း နှစ်ကျော့ပေါင်းရလဒ်တွင် အသာရခဲ့သည့် ဟနွိုင်းအသင်းက အုပ်စုပထမရကာ အာဆီယံဇုန် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ရန်ကုန်အသင်းသည် ယခုရာသီတွင် ဟနွိုင်းအသင်းကို အဝေးကွင်းနှင့် နာဂါဝေါကို အိမ်ကွင်းနှစ်ပွဲသာ အနိုင်ရခဲ့ပြီး ကျန်လေးပွဲရှုံးနိမ့်ခဲ့သည်။

ရဲရင့်ရှိုင်း