အဂတိကင်းမှ ငြိမ်းချမ်းသာယာမည်

၁၁ ဒီဇင်ဘာ

မျက်မှောက်ကာလတွင် ဖြစ်ပွားနေသော ပြဿနာအဖုံဖုံတို့ကို ဝေဖန်ဆန်းစစ် လေ့လာသုံးသပ်ကြည့်မည်ဆိုပါက အဝိဇ္ဇာအမှောင်ဖုံးသည့် လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ၊ အဂတိတရားများမကင်းနိုင်သောကြောင့် ပေါ်ပေါက် နေရခြင်းဖြစ်သည်ဟု ကောက်ချက်ချရမည်ဖြစ်သည်။ ။

တစ်ယောက်နှင့်တစ်ယောက် သော်လည်းကောင်း၊ မိသားတစ်စုတွင်းတွင် သော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုတွင် သော်လည်းကောင်း၊ အသိုက်အဝန်းတစ်ခု၌သော်လည်းကောင်း ယုတ်စွအဆုံး နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံသော်လည်းကောင်း မပြေလည်မှုများ၊ ပြဿနာပဋိပက္ခများဖြစ်ပွား ကြခြင်းသည် ထိုအဝိဇ္ဇာအမိုက်အမှောင်အားကြီးသောကြောင့် ဖြစ်ကြရသည်။

ထိုအဝိဇ္ဇာ မကောင်းသောအမှုများတွင် အဂတိတရားသည် အလွန်သိမ်မွေ့နက်နဲ ရှုပ်ထွေးသော သဘောတရားဖြစ်ပြီး လူမှုဘဝနယ်ပယ်။ လူတစ်ဦးချင်းစိတ်ခံစားမှုအတွင်းသန္တာန်၌ စိမ့်ဝင်ပျံ့နှံ့နေသည်။ အဂတိတရား၏ သိမ်မွေ့နက်နဲရှုပ်ထွေးခြင်းဆိုသည်မှာ တစ်စုံတစ်ဦးတစ်သင်းတစ်ဖွဲ့ အဖို့ မည်မျှပင် သမာသမတ်ကျပါသည်။ မှန်ကန်ပါသည်ဟုဆိုသော်လည်း မိမိတို့ကိုယ်နှိုက်တွင် အဂတိမကင်းကြောင်းကိုမသိ၍နေခြင်း ဖြစ်သည်။ သတ္တုချလျှင် အဝိဇ္ဇာအမှောင်ဖုံးသော ပုထုဇဉ်သဘောသဘာဝကြောင့်ဖြစ်သည်။

နိုင်ငံအဆင့် အနေအထားတစ်ခုတွင် မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေး၍ အရေးယူနိုင်ရေးအားထုတ်မှုများကို ကြည့်မည်ဆိုလျှင် အာဃာတတရားများ၊ အဂတိတရားများမကင်းနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ မည်မျှပင် သမာသမတ်ကျသော နိုင်ငံတကာဥပဒေများနှင့် ချိန်ထိုးစဉ်းစား ကြသည်ဆိုသော်လည်း ၎င်းတို့၏ အသင်းအပင်း၊ ၎င်းတို့၏ချစ်ခြင်း၊ ၎င်းတို့၏ အကျိုးစီးပွားဖြစ်ထွန်းခြင်းတို့အပေါ်တွင်ရှေးရှု၍ ဘက်လိုက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

အဂတိဟုဆိုရာ၌ ငွေကြေးဥစ္စာ လက်ဆောင်ပဏ္ဏာတို့ကိုပေးခြင်း၊ ယူခြင်းတို့သာမက ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယာအစွဲတို့ကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက်သော၊ မသင့်လျော်၊ မလျော်ကန်သောဖြစ်ရပ်များနှင့် ကြုံတွေ့နေရသည်။ အဂတိတရားလေးပါးတွင် ဆန္ဒာဂတိ - ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်တို့ကို ပြုခြင်း၊ ဒေါသာဂတိ - စိတ်ဆိုး သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်တို့ကို ပြုခြင်း၊ မောဟာဂတိ - ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း မပြုသင့်သည်တို့ကိုပြုခြင်းနှင့် ဘယာဂတိ - ကြောက်ရွံ့ သဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်တို့ကို ပြုခြင်းတို့ ဖြစ်သည်။

အရေးတကာအရေးတွင် နိုင်ငံ့အရေးသည် အရေးအကြီးဆုံးဖြစ်သည်။ မြန်မာနိုင်ငံကြုံတွေ့နေရသည့် အရေးများအနက် နိုင်ငံတကာအရေးတွင် ဆန္ဒာဂတိ၊ ဒေါသာဂတိဖြင့် မြန်မာနိုင်ငံအပေါ်ဆက်ဆံနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ခေါင်းဆောင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICU) တွင် သွားရောက်ဖြေရှင်းနေသောအရေးကိစ္စသည် အိုအိုင်စီနိုင်ငံများက လူမျိုးတုံးသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ကိုအကြောင်းပြု၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။ လိုရင်းမှာ ၎င်းတို့ မျိုးနွယ်တူများ၊ ချစ်ခင်သူများ နယ်မြေရရှိရေး၊ နိုင်ငံသားဖြစ်ရေးအတွက် မလျော်ကန်သောနည်းဖြင့် အားထုတ်မှုသာဖြစ်သည်။

အိုအိုင်စီနိုင်ငံ ၅၇ နိုင်ငံမှာ ၎င်းတို့နှင့် မျိုးနွယ်တူ၊ မိတ်ဖက်တူနိုင်ငံများ ဖြစ်သည်။ ငွေကြေးအင်အား၊ ဓနအင်အားတောင့်တင်းပြီး ၎င်းတို့ မိတ်ဖက်များ အကျိုးစီးပွားအတွက် ဖိအားပေးဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်တရားရုံးဖြစ်စေ ဥပဒေနှင့်အညီ သမာသမတ် ကျကျ တရားမျှတမှုရှိရှိ အဂတိကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ မည်သည့်အရေး၊ မည်သည့်ကိစ္စတွင်မဆို အဂတိကင်းစင်စွာဖြင့် သမာသမတ်ကျကျ တရားမျှတစွာဆောင်ရွက်မှသာလျှင် ဤကမ္ဘာလောကကြီးအတွင်းရှိ လူ့ဘောင်လောက လူ့အသိုက်အဝန်းများ ငြိမ်းချမ်း သာယာဝပြောမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ