အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရုပ်မြင်သံကြားပညာပေး အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်မည်

နေပြည်တော် ၂၈ ဖေဖော်ဝါရီ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရန်အတွက် ပြည်သူများအကြား အသိပညာများ၊ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနှင့်စပ်လျဉ်း၍ ရုပ်မြင်သံကြားပညာပေး အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်သွားရန် ရည်ရွယ်ထားကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရှိရသည်။

 

ထိုပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို လာမည့် မတ် ၅ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန တွင် ကျင်းပသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် ဇာတ်ညွှန်းရေး ဆရာများ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင် ပညာဌာန၊ ယဉ်ကျေးမှု တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ရုပ်ရှင်ဗီဒီယိုလောက မှပုဂ္ဂိုလ်များကို ဖိတ်ကြား ထားပြီး ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ ပြန်ကြားရေးလုပ်ငန်းကော်မတီမှ သိရသည်။

 

''အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥပဒေနဲ့ အညီ ဇာတ်လမ်းပမာ ရိုက်ကူးရေးကို ပညာပေးအနေနဲ့ လုပ် ဆောင်သွားမှာပါ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ နည်းဥပဒေများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကို ပြည်သူလူထုကြားမှာ စိမ့်ဝင်ပြီးတော့ အဂတိလိုက်စားမှုကို တက်တက်ကြွကြွ နဲ့ ပါဝင်တိုက်ဖျက်ကြဖို့ သတင်းမီဒီယာ များနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဥပဒေပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်၊ ဒါကြောင့်လည်း ပညာပေးလုပ်ငန်းတွေကို အခုလို စီစဉ်ရတာပါ၊ ပြည်သူလူထုအကြား အသိပညာ လှုံ့ဆော်ပေးဖို့ လိုအပ်လျက် ရှိပါတယ်၊ ကျောင်းသားလူငယ် တွေအကြားမှာလည်း ငယ်စဉ် ကျောင်းသားဘဝကနေ စတင် ပြီးတော့မှ တိုင်းပြည်ကို အနာဂတ်မှာ ဦးဆောင်နိုင်မယ့် လူငယ်များဖြစ်လာတဲ့အထိ ကာလအတွင်းမှာ အဂတိလိုက်စား မှုကို ပပျောက်အောင်၊ မုန်းတီးသွားအောင် ပညာပေးဖို့ လိုအပ်ပါတယ်၊ ငယ်ရွယ်စဉ်ကတည်းက အဂတိလိုက်စားမှုကို အားပေးတတ်တဲ့စိတ်တွေ ပပျောက်ဖို့လိုတယ်၊ ငယ်ရွယ်စဉ် ကတည်းက ကိုယ်ကျင့် သိက္ခာကောင်းဖို့၊ အကျင့်စာရိတ္တ ကောင်းမွန်ဖို့ကို ပညာပေးကြတဲ့အခါ စာရေးဆရာတွေက စာရေးပြီး တင်ပြကြတယ်၊ ကဗျာဆရာတွေကလည်း ကဗျာ လေးတွေနဲ့ တင်ပြကြတယ်၊ ရုပ်ရှင်နဲ့ ဗီဒီယိုသမား တွေကလည်း အသိပညာပေးဖို့ ရိုက်ကူးတင်ပြနိုင်တာပါပဲ၊ အသိပညာကို ရုပ်ရှင်ရိုက်ကူးတင်ပြပြီး ပေးနိုင်မယ်ဆိုရင် အများကြီးအကျိုး ရှိမယ်လို့ ကျွန်တော်တို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်က ယူဆပါတယ်''ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေး လုပ်ငန်းကော်မတီမှ အဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားသည်။

 

ခင်ရတနာ