အီရန်နိုင်ငံမှာ ကျူးဘားထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မယ်

၁၀ ဇန်နဝါရီ

 

အီရန်နိုင်ငံမှာ ကျူးဘားနိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား စမ်းသပ်ရန် ခွင့်ပြုမယ်လို့ အီရန် သုတေသနဌာနက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

 

ကျူးဘားအစိုးရပိုင် ဖင်လေးကာကွယ်ဆေး ထုတ်လုပ်ရေး အင်စတီကျူ (Finlay Vaccine Institute-IFV) နဲ့ အီရန်နိုင်ငံရဲ့ ပတ်စတာ အင်စတီကျူ (Pasteur Institute) တို့က ကျူးဘာနိုင်ငံ ဟာဘားနားမြို့တွင် ဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်ရန် သဘောတူချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

အီရန်ခေါင်းဆောင်ကြီး အလာတိုဟာ အလီခါမေနီက အမေရိကန်နဲ့ ဗြိတိန်နိုင်ငံထုတ် ကာကွယ်ဆေးတွေဟာ လုံးဝမယုံကြည်ရတဲ့အတွက် သုံးစွဲခွင့်မရှိကြောင်း ဇန်နဝါရီ ၈ ရက်နေ့ (သောကြာနေ့) မှာ တားမြစ်လိုက်ပါတယ်။

 

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းရှိပြီး သေဆုံးသူ ၅၆,၀၀၀ ကျော်ရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်ရ သိရပါတယ်။

 

IFV ရဲ့ ဒါရိုက်တာ ဗင်းဆင့် ဗီရော့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sovereign 02 အမည်ရှိ ဆေးဟာ ကျူးဘားနိုင်ငံမှာ အစွမ်းထက်ဆုံး ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးဟာ ၁၄ ရက်အတွင်း ကိုယ်ခံအား ပြန်လည်အစပျိုး ကောင်းမွန်ကြောင်း ဒီဇင်ဘာလအတွင်းက ပြောကြားပါတယ်။ ကာကွယ်ဆေးကို လူအများပေါ်မှာ စမ်းသပ်ခြင်း အဆင့်-၃ ကို ကျူးဘားနိုင်ငံအတွင်းမှာ စမ်းသပ်ဖို့ဆိုတာ ခက်ခဲကြောင်း၊ တခြားနိုင်ငံတွေလို ကျူးဘားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ မများတဲ့အတွက် ခက်ခဲကြောင်း ဒါရိုက်တာ ဗီရော့က ဆက်ပြောပါတယ်။

 

လူဦးရေ ၁၁ ဒသမ ၂ သန်းနေထိုင်တဲ့ ကျူးဘားနိုင်ငံမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်အပြီးမှာ ပိုးကူးစက်သူ များလာတာကို တွေ့ရပါတယ်။ နိုင်ငံမှာ ပိုးတွေ့ရှိသူ ၁၄,၀၀၀ ဦးနဲ့ သေဆုံးသူ ၁၄၈ ဦးသာရှိတဲ့အတွက် ပတ်ဝန်းကျင်နိုင်ငံတွေထက် ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် သိပ်မခံစားဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျူးဘားပြည်သူတွေအားလုံးအား နိုင်ငံတွင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး ထိုးနှံပေးရေး ဆောင်ရွက်ရန် လျာထားထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn