အီရတ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ဦးသေဆုံး

မတ် ၂၀

အီရတ်နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော်အား ကယ်ဆယ်နိုင်ခဲ့သည်။ Duhok မြို့တွင် မတ်လ ၁၈ ရက်ညပိုင်းနှင့် ၁၉ ရက်မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၎င်းတို့၏နေအိမ်များ သို့မဟုတ် ကားများအတွင်းပိတ်မိနေသူ ၁၀၀ ကျော်အား အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု အရပ်ဘက်ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နေအိမ်များ၊ ဈေးဆိုင်များနှင့်ကားများ ဒါဇင်နှင့်ချီ၍ပျက်စီးခဲ့ပြီး  ဒါဇင်နှင့်ချီသောလူများသည် ဘေးလွတ်ရာသို့ပြောင်းရွှေ့ နေထိုင်ကြသည်ဟု ၎င်းကဆိုသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်၊ လုံခြုံရေး၊ အရပ်ဘက်ကာကွယ်ရေးအဖွဲ့တို့ကဲ့သို့သော ဝန်ဆောင်မှုပေးသောဌာနများမှတစ်ပါး အစိုးရအဖွဲ့အစည်းများနှင့် စာသင်ကျောင်းများအတွက် မတ်လ ၂၀ ရက်ကိုအားလပ်ရက်အဖြစ် အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ဘေးကင်းလုံခြုံရေးအတွက် အဆောက်အဦအတွင်းမှာပင် နေထိုင်ကြရန် ထိုထုတ်ပြန်ချက်တွင် တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို