အီသီယိုးပီးယားမြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူ ၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရ


အက်ဒစ်အဘာဘာ ဧပြီ ၂၃
 အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျေးလက်ဒေသများမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ ဧပြီ ၁၃ ရက်နောက်ပိုင်းတွင် လူပေါင်း ၅၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးတို့က ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ရွှေ့ပြောင်းဒုက္ခသည် အများစုဖြစ်သည့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို အများစုသည် ကိုဘိုနှင့် ဆီကိုတာမြို့များ၌ ခိုလှုံနေကြဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
လူသားချင်းစာနာထောက်ထားမှု အခြေအနေသည် ဆိုးရွားလာပြီး ထောင်နှင့်ချီသော အမျိုးသမီးများနှင့် ကလေးငယ်များ အသက်ရှင်ရပ်တည်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များစွာ လိုအပ်နေကြောင်းလည်း သိရသည်။ အီသီယိုးပီးယားနိုင်ငံအစိုးရနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အစားအစာနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို စတင်ပေးနေပြီဖြစ်သည်။
ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း အယ်လ်လာမာတာမြို့၌ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အသေအပျောက်အရေအတွက် အတိအကျမသိရသေးကြောင်း အစီရင်ခံခဲ့ပြီး အရပ်သားအများအပြားသည် ကိုဘိုနှင့် ဆီကိုတာမြို့များဘက်သို့ ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ယခင်အစီရင်ခံစာ၌ ပြောကြားခဲ့သည်။ 
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်