အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရိုသန်း ၃၀ ရယူရန် လွှတ်တော်ကသဘောတူ

နေပြည်တော်  ၁၃  သြဂုတ် 

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ ချေးငွေယူရိုသန်း ၃၀ ချေးယူရန်ကိစ္စကို လွှတ်တော်ကသဘောတူကြောင်း  ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဆုံးဖြတ်လိုက်သည်။

အဆိုပါချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်မီးလင်းရေးလုပ်ငန်း များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ် များက အကြံပြုဆွေးနွေးခဲ့သည့် ကျေးရွာရွေးချယ်ရေးကိစ္စ၊ ကျေးရွာမီးလင်းရေး ကော်မတီဖွဲ့စည်းခြင်းကိစ္စ၊ စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေးကိစ္စနှင့်  ပြင်ဆင် ထိန်းသိမ်းခြင်းကိစ္စများကို စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ တပ်ဆင်ပေးမည့်စနစ်များ အရည်အသွေးကောင်းမွန်စေရေးအတွက် တင်ဒါခေါ်ယူ ရာတွင် နိုင်ငံတကာအကြံပေးပညာရှင်များမှ ညှိနှိုင်းသတ်မှတ်ပြီး တင်ဒါခေါ်ယူခြင်း၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ဌာနမှဝန်ထမ်းများပါဝင်သည့်အဖွဲ့မှ စိစစ် အကဲဖြတ်ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နမူနာပစ္စည်းများစစ်ဆေးခြင်း၊ ရှေ့ပြေးစီမံကိန်း လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အရည်အသွေးအကဲဖြတ်စီစစ်ခြင်းတို့ကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း။

တပ်ဆင်မည့်စနစ်အလိုက် ပြည်သူအချိုးကျ ထည့်ဝင်ရခြင်းမှာ မိမိပိုင်ပစ္စည်း ကဲ့သို့ ခံယူသည့်စိတ်ဓာတ်ရရှိစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲ စေရန် ထည့်ဝင်စေရ ခြင်းဖြစ်ပါကြောင်း၊ အချိုးကျထည့်ဝင်ငွေမတတ်နိုင်သည့်  ပြည်သူများအတွက်လည်း ကမ္ဘာ့ဘဏ်အပါအဝင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ သင့်တော်မည့်နည်းလမ်းများရှာဖွေပြီး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

အသေးစားဓာတ်အားပေးစနစ်လုပ်ငန်းသည် လုပ်ငန်းမဆောင်ရွက်မီ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူနှင့် ကျေးရွာပြည်သူလူထုတို့ အကြိုညှိနှိုင်းဆွေးနွေးပြီး ကျေးရွာမှ တတ်နိုင်မှသာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံ သူနှင့် ဒေသခံပြည်သူများ သဘောတူညီမှုဖြင့် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါကြောင်း။

အီတလီအစိုးရအနေဖြင့် မြန်မာနိုင်ငံ၌လိုအပ်ချက်ရှိနေဆဲဖြစ်သည့် တစ်နိုင်ငံ လုံး လျှပ်စစ်မီးရရှိရေးဆောင်ရွက်ချက်များကို ကူညီပံ့ပိုးပေးနိုင်ရန် မဟာဓာတ်အား လိုင်းနှင့် ဝေးကွာသော ကျေးရွာများ၌ အကြိုလျှပ်စစ်မီးရရှိရေးစနစ်ဖြင့် ဆောင်ရွက်မှုပုံစံ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ သက်သာသော ချေးငွေပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ချေးငွေများဖြင့် လျှပ်စစ်မီး လက်လှမ်းမီမှု နည်းပါးသော၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီး နှင့်ပြည်နယ်များမှကျေးရွာများတွင် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ချေးငွေယူရို သန်း(၃၀) သည် အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၈ နှစ်၊ ပြည်လည်ပေး ဆပ်ရမည့် ကာလမှာ (၁၀) နှစ်ဖြစ်ပါကြောင်း၊ ၂၀၃၆-၂၀၃၇ ဘဏ္ဍာရေးနှစ်မှစပြီး တစ်နှစ်လျှင် ယူရို(၃)သန်းနှုန်းဖြင့် ပြည်လည်ပေးဆပ်မည်ဖြစ်ပါကြောင်း၊ ပြန်လည်ပေးဆပ်ရမည့်ငွေပမာဏကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရသုံးမှန်းချေငွေစာရင်း တွင် နှစ်အလိုက် ထည့်သွင်းရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု လွှတ်တော်တို့၏ အတည်ပြုခွင့်ပြုချက်ဖြင့်  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အားရရှိရန် ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် တစ်နိုင်ငံလုံးပြည်သူများ၏ ၄၁ ရာခိုင်နှုန်းမှာ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေပြီဖြစ်ပါကြောင်း၊ သို့ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် နေထိုင်သည့် ပြည်သူလူထုများအတွက် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အခြေအနေအရ မဟာဓာတ်အားလိုင်းကို တည်ဆောက် ရန်ခက်ခဲခြင်း၊ ကြန့်ကြာခြင်းများ ရင်ဆိုင်ရသည့်အတွက် မဟာဓာတ်အားလိုင်း စနစ်မှ လျှပ်စစ်ဓာတ်အား မရနိုင်သေးပါကြောင်း၊ အဆိုပါဒေသများတွင် နေထိုင်ကြ သည့် ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရန်အတွက် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းမရှိသော သီးခြား Mini Grid များကိုတည်ဆောက်ပြီး လျှပ်စစ် ဓာတ်အားရရှိရန် ချေးငွေများရယူပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်သည့် အတွက် နိုင်ငံအတွင်းရှိလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသနေပြည်သူလူထုများ လျှင်မြန်စွာ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက်  ရည်ရွယ်ချက်ကောင်းသည့် လုပ်ငန်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့အတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း က အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေယူရိုသန်း (၃၀)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ချေးငွေရယူခြင်း၊ သုံးစွဲ ခြင်း၊ ပြည်လည်ပေးဆပ်ခြင်းများအတွက် ချေးငွေစာချုပ်ချုပ်ဆိုချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အီတလီနိုင်ငံကိုယ်စားလှယ်တို့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ချေးငွေစည်းမျဉ်းစည်းကမ်း များနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးထားသည့်အတိုင်း ပစ္စည်း ဝယ်ယူမှု စည်းမျဉ်းများကိုလည်း လိုက်နာဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုး ရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်တွင် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုး ကွင်းဆက် စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းသည် လက်ရှိမြန်မာနိုင်ငံ ငွေလဲနှုန်းနှင့်တွက်ချက်လျှင် မြန်မာကျပ်ငွေ ၅၉ ဘီလီယံခန့်ရှိပါကြောင်း။

ချေးငွေရ ယူခြင်း၏ ရည်ရွယ်ချက်သည် စိုက်ပျိုးထုတ်လုပ်မှုတိုးတက် စေပြီး စိုက်ပျိုးစီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို အကောင် အထည်ဖော် ပေးမည်ဖြစ်သည့် အတွက် ထိထိရောက်ရောက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်နှင့် ရလဒ်ကောင်းများ ရရှိရန်လိုအပ်ပါကြောင်း၊ သို့မှသာ ကုန်ကျစရိတ်နှင့် လိုက်လျောညီထွေရှိမည့် အကျိုးသက်ရောက်မှုရရှိစေ မည်ဖြစ်ပါ ကြောင်း၊ ချေးငွေရယူခြင်း၏ ရည်မှန်းချက် တွင်ပါဝင်သည့် Value Added တန်ဖိုးမြှင့် ထုတ်ကုန် ဖြစ်စေရေးကိုလည်း အရှိန်အဟုန်မြင့်မားစွာဖြင့် တစ်နိုင်ငံလုံး အတိုင်း အတာနှင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရေးမှာ လိုအပ်လျက် ရှိပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာခြင်း၊ ပြည်ပသွင်းကုန်အစားထိုး သုံးစွဲလာနိုင်ခြင်း၊ ကုန်သွယ်ရေးလိုငွေပြမှု လျော့နည်းလာခြင်း၊ နိုင်ငံတကာ ဈေးကွက်ဝေစုများ ရလာ ခြင်းနှင့်အတူ စိုက်ပျိုးထုတ်ကုန်များအား ဝယ်နေကျနိုင်ငံများမှ မဝယ်ယူသည့်အခါ ဈေးကွက်ပျက်ခြင်း၊ တောင်သူများ အရှုံးပေါ်ခြင်းတို့ကို ကာကွယ်နိုင်ခြင်းနှင့်အတူ ငွေလဲနှုန်းမတည်မငြိမ်ဖြစ်မှုကိုလည်း အထိုက်အလျောက် ဖြေရှင်းစေနိုင်မည် ဖြစ်သည့်အတွက် များပြားစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းချေးငွေသည် ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင် သော စိုက်ပျိုးရေး၊ စီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်များရှိ အရေးကြီးသော အဆောက်အဦများ ပိုမိုကောင်းမွန်တိုးတက်စေရန် ရာသီဥတုနှင့်လိုက်လျောညီထွေ ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရန်နှင့် ရာသီဥတုနှင့် လိုက် လျောညီထွေရှိသည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်ဟု သိရှိ ရပါကြောင်း၊ မြန်မာနိုင်ငံအတွက် ယခုစီမံကိန်းသည် ဆောင်ရွက်သင့်သော စီမံကိန်း ဖြစ်ပြီး ထိရောက်စွာအကျိုးရှိလာမည်ဖြစ်သည့်အတွက် သဘောတူပါကြောင်း။

စီမံကိန်းနှင့်စပ်လျဉ်းပြီး အကြံပြုလိုသည်မှာ စီမံကိန်းဆောင်ရွက်မည့် မြို့နယ် အလိုက်၊ အုပ်စုအလိုက် သီးနှံအထွက်တိုးရေး ရှေ့တန်းကွပ်ကဲရေးစခန်းများကို ပြန်လည်ပြုပြင်အားဖြည့်ပြီး ဘက်စုံကြီးကြပ် ကွပ်ကဲရေးရုံးအဖြစ် ဆောင်ရွက်စေလို ပါကြောင်း၊ အဆိုပါရှေ့တန်းစခန်းရုံးများတွင် အာမခံရှိသော အရည်အသွေးကောင်း စိုက်ပျိုးရေးပစ္စည်းများ တစ်ပါတည်းရောင်းချရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သီးနှံအလိုက် (၁)လ (၁)ကြိမ် တောင်သူလယ်သမား နည်းပညာ၊ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းကို မြို့နယ်ခြံများတွင် ဦးစားပေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထွက်ရှိလာသော မျိုးများကိုလည်း စီးပွားဖြစ် မျိုးထုတ်လုပ်ရေးအထိ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် မျိုးစေ့ထုတ်လုပ်မှုခြံများကို ရည်မှန်းချက်ရရှိရေးအတွက် သုတေသနဘတ်ဂျက် များကို လည်း လုံလုံလောက်လောက်ချမှတ် ပေးစေလိုပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က ယခုချေးငွေဖြင့် အဆင့်မြှင့်တင်မည့် မျိုးစေ့ခြံ ၁၀ ခုစာရင်း၊ ပြုပြင်မည့် တူးမြောင်း လက်တံများ၊ ရေကန်၊ ရေလှောင်တမံ ၁၅ ခုတို့၏ တည်နေရာ၊ ကုန်ထုတ်လမ်းများ ၏ စာရင်းများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြပေးစေလိုကြောင်း၊ ရေစီမံခန့်ခွဲ ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၏ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေး တို့အတွက် စီမံကိန်းဧရိယာရှိ ရေအသုံးပြုသူများအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အဆိုပါအဖွဲ့များ အား သင်တန်းပို့ချပေးခြင်းတို့နှင့်စပ်လျဉ်း၍ သင်တန်းဖွင့်မည့် ဒေသ၊ သင်တန်း ကာလ၊ သင်တန်းသားဦးရေ၊ သင်တန်းဖွင့်လှစ်မည့်အကြိမ်ရေတို့ကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စီစဉ်ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်လျော်ကောင်း မွန်မည်ဖြစ်ပါကြောင်း။

ယခုချေးယူမည့်ချေးငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းသည် ရည်ရွယ်ချက်ကောင်းပြီး ရလာဒ်ကောင်းများကို မျှော်လင့်နိုင်ရုံမျှမက အတိုးနှုန်း ပမာဏမှာလည်း သင့်လျော်သည့်အတွက် ချေးယူသင့်သည့် ချေးငွေဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ အောင်မြင်ထိရောက်အောင် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အဓိကထားနေရသော မိမိတို့မြန်မာနိုင်ငံအနေဖြင့် ပြည်သူလူထုအများစုကို အကျိုးပြုမည့် စိမံကိန်းဖြစ် သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ချေးငွေနှင့်ပတ်သက် ပြီး ကန့်ကွက်ရန်မရှိပါကြောင်း ဆွေးနွေးသည်။ 

အလားတူ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်လွင်အောင်၊ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်း နု၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၊ ကျိုတ်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ရေစကြိုမဲဆန္ဒနယ်မှ ဒေါက်တာ တင်ဌေးအောင်၊ စဉ့်ကူးမဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်နှင့် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်တို့ ဆွေးနွေးကြသည်။ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး နဝမနေ့ ကို သြဂုတ် ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြင့်၊ ဟန်လင်းနိုင်