အိမ်မဲမြို့ မြို့မဈေးကြီးတွင် သီတင်းကျွတ်ရုံးပိတ်ရက်၌ ဈေးဝယ်သူများဖြင့် စည်ကားနေ

အိမ်မဲ ၁၂ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးတွင် သတင်းကျွတ်ရုံးပိတ်ရက် အောက်တိုဘာလ ၁၂ ရက်နံနက် ၉ နာရီက ဈေးဝယ်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

 

5

 

"ကျွန်မတို့က အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာက ဈေးလာဝယ်တာပါ။ သီတင်းကျွတ်လပြည့်နေ့ကျရင် ရွာကဘုရားမှာ အလှူရှိလို့ ဘုရားမှာကပ်လှူဖို့ ဖရောင်းတိုင်၊ အမွှေးတိုင်၊ သစ်သီးမျိုးစုံနဲ့ တစ်ခြားလိုအပ်တာတွေ လာရောက်ဝယ်ယူတာပါလို့'' ဈေးလာဝယ်သူတစ်ဦးက ပြောသည်။

 

"အရင်ရက်တွေတုန်းကဆို ပုံမှန်အတိုင်းပဲရောင်းရတယ်။ ခုရက်တွေကတော့ အရောင်းအဝယ် ကောင်းတယ်လို့ဆိုရမယ်။ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအတိုင်း ဝါကျွတ်တဲ့အခါ အလှူတွေလုပ်ကြ မိဘဆရာသမားတွေကို ပူဇော်ကန်တော့ကြနဲ့ အရမ်းစည်ကားတဲ့အချိန် ဖြစ်ပါတယ်လို့'' သစ်သီးရောင်းသူတစ်ဦးက ပြောသည်။

 

1

 

အိမ်မဲမြို့နယ်သည် အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင် (၂၈၆.၆၅)ရှိပြီး ရပ်ကွက်(၅)ရပ်ကွက် ကျေးရွာအုပ်စု(၉၇)အုပ်စု ကျေးရွာခွဲ(၅၀၅)ရွာ လူဦးရေ(၂၁၁၂၅၇)ဦးရှိပြီး ယခုလို သတင်းကျွတ်ရုံးပိတ်ရက် ကာလရောက်တဲ့အခါ ကျေးရွာဒေသအသီးသီးမှ ပြည်သူများက အလှူအတန်းများ ပြုလုပ်ကြရန်အတွက် မြို့မဈေးကြီးအတွင်း ဈေးဝယ်ကြရာ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

 

ချစ်သက်လယ်(ပြန်/ဆက်)