အိမ်မဲမြို့နယ်တွင် ရွှေအိမ်ဧရာ အဝေးပြေးကားဝင်း တည်ဆောက်ပြီးစီး၍ အဝေးပြေးကားများ စတင်ပြေးဆွဲ

အိမ်မဲ ၂၅  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ရွှေအိမ်ဧရာ အဝေးပြေးကားဝင်းကို ၂၀၁၉ ခုနှစ်က စတင် တည်ဆောက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီး၍ ဇွန် ၂၅ ရက်နေ့က စတင်၍ အဝေးပြေးကားများစတင်၍ ဂိတ်ထိုးပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ အိမ်မဲမြို့မှာ ရွှေအိမ်ဧရာအဝေးပြေးကားဝင်းကို ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်မှာ ၈၀ ရာခိုင်နှုန်းလောက်ပြီး မြောက်ခဲ့ပါတယ်။ အိမ်မဲမြို့နယ်အတွင်းမှာ တိုးပွားလာတဲ့ယာဉ်တွေ များလာတဲ့အခါ ယာဉ်ကြောကြပ်တည်းမှု မရှိစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ကားတွေကို အပြင်ထုတ်ရခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာတိုင်းဌာနကြီးကြပ်မှု အောက်ကနေညွှန်ကြားချက်နဲ့အညီ ရွှေ့ပြောင်းခြင်းဖြစ်ပါတယ်။ ခရီးသည်တွေအတွက် မြို့ထဲကနေ ဒီကိုလာဖို့အတွက်ကို ဂိတ်အလိုက်ကနေ အခမဲ့ဝန်ဆောင်မှုမယူဘဲ ကြိုပို့ကားတွေကို စီစဉ်ပေးထားပါတယ်။ ဒါကြောင့်ခရီးသည်တွေ အစဉ်ပြေ ချောမွေ့စွာလာနိုင်ခြင်း ဖြစ်ပါတယ်လို့" မြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီက ရုံးအဖွဲ့မှူး ဦးမောင်မောင်မြင့်က ပြောသည်။

 

"အိမ်မဲမြို့ကားဝင်းရဲ့ လက်ရှိအနေအထားကတော့ မြို့ပြင်ကိုယာဉ် တွေရွှေ့ရတဲ့အတွက်မြို့တွင်းမှာ ယာဉ်ကြောကြပ်တည်းတဲ့ ပြဿနာကို ဖြေရှင်းရာ ရောက်ပါတယ်။ လက်ရှိကားဝင်းရဲ့ လိုအပ်ချက်လေးကတော့ အဝင်အထွက်နေရာလေး ကျဉ်းတဲ့နေရာတွေ ရှိတယ်။ နောက်လွတ်တဲ့ မြေနေရာလေးမှာ အခြားကြိုပို့ ယာဉ်လေးတွေ ရပ်နားဖို့နေရာလေးတွေ ရှိစေချင်ပါတယ်။ ကားလှည့်ကွင်း ကျဉ်းတဲ့အတွက် တစ်စီးနဲ့တစ်စီးဂိတ်ချင်း ကပ်တဲ့အခါကျတော့ ကားတွေလွန်းထိုးဖို့ နေရာလိုတယ်လေ။ ဒါကြောင့် ဒီဝင်းလေးနည်းနည်းလေး ကျယ်ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။ မြေလွတ်တဲ့နေရာလေးတွေမှာ လာကြိုတဲ့ကြိုပို့ယာဉ်လေးတွေ ရပ်နားဖို့နေရာလေးတွေနဲ့ အရိပ်အာဝါသလေးတွေ လိုအပ်အုံးမယ်လို့ ထင်ပါတယ်လို့'' ရွှေမြန်မာယာဉ်လိုင်းက ယာဉ်မောင်း တစ်ဦးက ပြောသည်။

 

အိမ်မဲမြို့နယ်တွင် ရန်ကုန်အဝေးပြေး အိမ်မဲ-ရန်ကုန်ကားဂိတ် ၄ ဂိတ်နှင့် ဧရာဝတီတိုင်း အတွင်း အိမ်မဲ-ပုသိမ်၊ ကားဂိတ်၊ အိမ်မဲ-မြောင်းမြကားဂိတ် ၂ ဂိတ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ အဆိုပါကားဂိတ်များက အိမ်မဲမြို့ အဝင်နားတွင် တည်ဆောက်ပြီးစီးသော ရွှေအိမ်ဧရာ အဝေးပြေးကားဂိတ်မှ စတင်ပြေးဆွဲစေခြင်း၊ မြို့နယ်ကျော်ကုမ္ပဏီ ဈေးရောင်းကားများ၊ ကုန်စိမ်းကားများ၊ ဆီဘောက်ဆာကားများအနေဖြင့် မြို့တွင်းသို့ နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း ဝင်ရောက်ခြင်းနှင့် ကုန်ချခြင်းများမပြုလုပ်ကြရန်၊ ယခင်ကတည်းက မြို့နယ်တွင်းသို့ ကျေးလက်များမှ လာရောက်ကျသော (နောင်ရိုး) ဂိတ်နှစ်ခုကို ရပ်နားရန်နေရာ မသတ်မှတ်ပေးမီ ကာလအတွင်း မူလရပ်နားသည့် နေရာတွင် စနစ်တကျရပ်နားရန် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီက စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)