အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား

ဝါရှင်တန် မတ် ၂၄

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည် အပျော့စား ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း မတ် ၂၂ ရက် ညနေပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မိမိတွင် ကိုဗစ်-၁၉ အပျော့စားကူးစက် ဖြစ်ပွား နေသော်လည်း နေထိုင်ကောင်းကြောင်း အသက်(၇၄)နှစ်အရွယ်ရှိ ဟီလာရီကလင်တန်က တွစ်တာတွင် ရေးသားဖော်ပြ ခဲ့သည်။ ၎င်းအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

 

၎င်း၏ခင်ပွန်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်သည် မတ် ၂၂ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နေကောင်းကျန်းမာ လျက်ရှိကြောင်း သိရသည်။ ။

 

အသက် (၇၅) နှစ်ရှိ ဘီလ်ကလင်တန်က မိမိတို့မိသားစုဝင်များ ကျန်းကျန်းမာမာ ဖြစ်သည်အထိ သီးသန့်နေထိုင် သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

 

အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက လအနည်းငယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေကြောင်း ကြေညာပြီးနောက် ဟီလာရီကလင်တန်က တွစ်တာတွင် ထိုသို့ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

 

ကာကွယ်ဆေးကို ကျေးဇူးတင်ကြောင်းနှင့် မိမိတွင် ကိုဗစ်-၁၉ အပျော့စားကူးစက်ဖြစ် ပွားမှုသာရှိကြောင်း ဆာကီက ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် မတ် ၂၂ ရက်က ပီစီအာရ်နည်းဖြင့် ကိုဗစ်-၁၉ စမ်းသပ် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

ဆင်ဟွာ