အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် လူမျိုးအမည်မှန်ကန်ရေး ဆောင်ရွက်ပေးမည်

မကွေး ၂၄  ဇူလိုင်

 

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် နေထိုင်သည့် ချင်းတိုင်းရင်းသားများ၏ အိမ်ထောင်စုဇယား ၆၆/၆နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် လူမျိုးအမည်မှန်ကန်ရေး ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ ချင်းလူမျိုးဖြစ်ပါလျက် လူမျိုးနေရာ၌ဗမာလို့ ပါနေတာကို ချင်းလူမျိုးလိုု့ပြင်ဆင်နိုင်ဖို့ ၊ အမည်ရှေ့မှ“ ဦး၊မောင် ” ဆိုတဲ့ ရေးသားဖော်ပြချက်တွေအစား “ ဆလိုင်း ၊ မိုင် ” လို့ ပြောင်းလဲဖို့ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ် ဆောင်ရွက်နေပါတယ် ” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ချင်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဆလိုင်းဦးလှ ထွန်းက ပြောသည်။

 

လူမျိုးနှင့် နာမည်ရှေ့အခေါ်အဝေါ်များ ပြင်ဆင်ရေးမှာ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့တွင် အတည်ပြုခဲ့သည့် ရှေ့လုပ်ငန်း စဉ်(၄)ရပ်တွင်ပါဝင်ပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ကြောင်း ၊ ၂၀၁၈ခုနှစ် မေလ၂၃ရက်နေ့တွင် တင်ပြခဲ့ရာ ဇွန်လ ၁၂ရက် နေ့တွင် မကွေးတိုင်းဒေသကြီး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ကူညီဆောင်ရွက်ပေးရန် ညှိနှိုင်းပြန်ကြား ခဲ့ကြောင်း သိရသည်။

 

 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာခရိုင်နှင့်မြို့နယ် ဦးစီးရုံးများအားဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးကြရန် ညွှန်ကြားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

 

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ်(၄)သန်းဖြင့် တိုင်းအတွင်းချင်းစာပေ သင်ကြားနေသောမြို့နယ်များရှိ ကျောင်းများအတွက် ချင်းတိုင်းရင်းသားစာပေ ပြဌာန်းပုံနှိပ်စာအုပ်(၁၀၅၄၅)အုပ် ဖြန့်ဝေပေးခဲ့ပြီး ချင်း စာပေသင်ကြားပေးမည့် ဆရာ၊ဆရာမများအား သင်ပြနည်းမွမ်းမံသင်တန်းဖွင့်လှစ်နိုင်ရန် ငွေကျပ်သိန်း ၃၀ဝ ကိုလည်း ထောက် ပံ့ပေးခဲ့သည်။

 

ဇေယျတု(မကွေး)