အိန္ဒိယမြောက်ဘက်မှ လာရောက်ဆောင်းခိုသည့် ဟိမဝန္တာလင်းတကို ဖမ်းဆီးထိန်းသိမ်း စောင့်ရှောက်ထား

ပိန်းဇလုပ်၊ ၁၃ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးအနီးရှိ ဒေသခံပြည်သူတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း၌ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လင်းတငှက်ကြီးတစ်ကောင် ဖမ်းဆီးရမိခဲ့၍ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

 

“ဒီငှက်က အကြောင်းတစ်ခုခုကြောင့် ဒဏ်ရာရပြီး မပျံနိုင်တော့ဘဲ ခြံထဲပြုတ်ကျလာလို့ ဖမ်းဆီးထိန်းသိမ်း စောင့်ရှောက်ထားတာပါ။ အစာအဖြစ် သားငါးကျွေးတာ စားသောက်နိုင်ပါတယ်” ဟု ငှက်ချစ်သူ ဒေသခံပြည်သူ မနော်ဘွေဖောက ပြောသည်။

 

အဆိုပါလင်းတငှက်မှာ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ဌာနေငှက်မျိုးမဟုတ်ကြောင်း၊ ဆောင်းရာသီတွင် ဒေသပြောင်းရွှေ့ကျက်စားသော ငှက်မျိုးစိတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို အိန္ဒိယ မြောက်ဘက်က လာကြကြောင်း၊ ဟိမဝန္တာလင်းတ Himalayan Griffon အသားစားငှက်အမျိုးအစား မျိုးစိတ်တစ်ခုဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်၏ ပြောပြချက်အရ သိရသည်။

 

လင်းတငှက်များသည် စွန့်ပစ်အသေကောင်သတ္တဝါများကို စားသုံးသည့်အတွက် ပတ်ဝန်းကျင်ကို သန့်ရှင်းပေးသကဲ့သို့ ယင်းအသေကောင်များမှ ဗိုင်းရပ်များပျံ့နှံ့မှုကိုလည်း တားဆီးပေးရာရောက်ကြောင်း၊ ယင်းကြောင့်ပင် လင်းတငှက်များကို စည်ပင်သာယာငှက်ဟု တင်စားခေါ်ဝေါ်ကြကြောင်း သိရသည်။

 

ပိန်းဇလုပ်မြို့၌ နေထိုင်သူတချို့နှင့် ငှက်ချစ်သူတချို့က အဆိုပါလင်းတငှက်နှင့် ပတ်သက်၍ သစ်တောဝန်ထမ်းများ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ပိန်းဇလုပ်မြို့သို့ လာရောက်စစ်ဆေးသင့်ကြောင်း၊ ပျံသန်းနိုင်ရန် စမ်းသပ်မှုများပြုလုပ်၍ စိတ်ချရသည့်အခြေအနေသို့ ရောက်ရှိပါက ပြန်လည်စေလွှတ်ပေးစေလိုကြောင်း သိရသည်။

 

ထိုကဲ့သို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားချိန်တွင် ငှက်များဘေးမဲ့ပေးရန်၊ ပစ်ခတ်ဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်း မပြုကြရန်၊ ငှက်များတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် ဒဏ်ရာအနာတရဖြစ်ပြီး မပျံသန်း၍ ပြုတ်ကျလာခြင်း၊ တွေ့ရှိဖမ်းဆီးရမိခြင်းတို့ရှိပါက နီးစပ်ရာ သစ်တောဦးစီးဌာနများသို့ လည်းကောင်း၊ နေပြည်တော် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သစ်တောဦးစီးဌာနမှ အသိပေးကြေညာထားသည်။

 

သတင်းနှင့်ဓာတ်ပုံ၊ ပိန်းဇလုပ်-သိန်းညွန့်