အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁ သိန်းကျော်သွားကြောင်း ထုတ်ပြန်

နယူးဒေလီ  ၃ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁ သိန်းကျော်သွားကြောင်း စနေနေ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀,၈၄၂ ဦး ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၆ ဒသမ ၄၇ သန်း ရှိကြောင်း သိရပါတယ်။ သေဆုံးသူ အရေအတွက်ဟာ အမေရိကန် နဲ့ ဘရာဇီးနိုင်ငံတို့ရဲ့နောက်မှာ ရှိပြီး ကမ္ဘာမှာ တတိယမြောက် သေဆုံးသူ အများဆုံးဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့လူဦးရေဟာ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့အတွက် အမေရိကန်နိုင်ငံလူဦးရေထက် ၄ ဆ များပေမယ့် အမေရိကန်နိုင်ငံရဲ့ သေဆုံးမှုဟာ အိန္ဒိယနိုင်ငံထက် ၂ ဆများကြောင်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံမှာဗိုင်းရပ်စ်ပိုး စစ်ဆေးရှာဖွေမှုဟာ အမေရိကန် နိုင်ငံထက် ၅ ဆ နည်းတာကို တွေ့ရတဲ့အတွက် လက်တွေ့ အရေအတွက်ဟာ အစိုးရရဲ့ ထုတ်ပြန်ချက်ထက် ပိုများနိုင်ကြောင်း ခန့်မှန်းချက်တွေရှိနေပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များနေပေမယ့် နိုင်ငံတွင်းပြေးဆွဲနေတဲ့ ရထားတွေ၊ မြေအောက်ရထား၊ ပြည်တွင်းလေကြောင်းလိုင်း၊ ဈေးတွေနဲ့ စားသောက်ဆိုင်တွေပါ ပြန်ဖွင့်နေပြီဖြစ်ပါတယ်။

 

လူဦးရေ သန်း ၂၀၀ နေထိုင်တဲ့ ဉတ္တရာပရာဒေ့ရ်ပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်ကစပြီး ဘာသာရေးဆိုင်ရာ စုဝေးခွင့် ခွင့်ပြုတော့မှာဖြစ်ပါတယ်။

 

ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ရေကူးကန်တွေကို ကန့်သတ်ချက်နဲ့အတူ ပြန်ဖွင့်မယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာထားပါတယ်။

 

MDN

ကိုးကား- AFP