အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရ ငါးသိန်းကျော်ရှိနေ

၂၇ ဇွန်

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ငါးသိန်းကျော်သွားပြီလို့ စနေနေ့မှာ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။ (၂၄)နာရီအတွင်းမှာ သေဆုံး ၃၈၅ ဦးရှိရာ စုစုပေါင်းသေဆုံးသူ ၁၅,၆၈၅ ဦးရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

 

ဇူလိုင်လကုန်ပိုင်း မတိုင်မီ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ တစ်သန်းကျော်အထိ ရှိလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးကူးစက်မှု များလာတဲ့အတွက် တချို့ပြည်နယ်အစိုးရတွေက အသွားအလာပိတ်ဆို့မှု ပြဌာန်းဖို့စဉ်းစားနေတာမျိုး ရှိလာပါတယ်။ နိုင်ငံမှာ စီးပွားရေးထိခိုက်မှုတွေ ဖြစ်လာတဲ့အတွက် မတ်လ ၂၅ ရက်နေ့က စတင်ပြဌာန်းခဲ့တဲ့ အသွားအလာတားမြစ်ချက် စည်းမျဉ်းစည်းကမ်းတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးဟာ လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ အထူးတွေ့ရှိရတာဖြစ်ပြီး နယူးဒေလီမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈၀,၀၀၀ နီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။ နယူးဒေလီမှာ ဇူလိုင်လကုန်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ ၅၀၀,၀၀၀ အထိ ရှိလာမယ်လို့ ပြည်နယ်အစိုးရက ခန့်မှန်းထားပါတယ်။ အဲဒီအတွက် လူနာတွေဆေးကုသပေးဖို့အတွက် ဟော်တယ်နဲ့ ခန်းမတွေကို ကြိုတင်ပြင်ဆင်ထားကြောင်း သိရပါတယ်။ 

 

နယူးဒေလီမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်း ၃၃,၀၀၀ က တားမြစ်နေရာအတွင်းမှာ နေထိုင်လူပေါင်း နှစ်သန်းကို နမူနာတို့ဖတ်ယူပြီး ဗိုင်းရပ်စ်ပိုးလမ်းကြောင်းကို စစ်ဆေးနေပြီလို့ သိရပါတယ်။ နယူးဒေလီမှာ လူပေါင်း သန်း၂၀ နေထိုင်ပါတယ်။ 

 

လူဦးရေ ၁ ဒသမ ၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ လာမယ့်သီတင်းပတ်တွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ပိုများလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲ အာနက်ဘဟန်းက ပြောပါတယ်။ 

 

MDN
ကိုးကား - AFP