အိန္ဒိယနိုင်ငံမှာ စမ်းသပ်ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်မယ့် စက္ကူကို အမြန်ဆုံး အသုံးပြုနိုင်ရန် ဆောင်ရွက်နေ

၂၂ အောက်တိုဘာ

 

 

အိန္ဒိယနိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးနိုင်မယ့် စက္ကူကို မကြာခင်အချိန် အတွင်းမှာ အသုံးပြုနိုင်ရန်  ဆောင်ရွက်နေကြောင်း သိရပါတယ်။ ဝေးလံပြီး ကျန်းမာရေး ဓါတ်ခွဲခန်း မရှိတဲ့ နေရာဒေသတွေမှာ ဗိုင်းရပ်စ်ပိုးကို အလွယ်တကူ စစ်ဆေးနိုင်ခြင်းအားဖြင့် ကူးစက်မှု ရပ်တန့် သွားအောင်လုပ်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။

 

 

သုတေသန ပညာရှင်တွေက ဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့ စက္ကူဟာ ကိုယ်ဝန် ရှိ၊ မရှိ စမ်းသပ်တဲ့ စက္ကူမျိုးဖြစ်ပြီး အဖြေကို တစ်နာရီအတွင်း ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စမ်းသပ်စစ်ဆေးနိုင်တဲ့ စက္ကူဟာ ဈေးနှုန်းသက်သာပြီး အသုံးပြုရန် လွယ်ကူကြောင်း သိရပါတယ်။

 

 

နယူးဒေလီရှိ IGIB သုတေသနဌာနမှ ပူးတွဲတီတွင်သူ တစ်ဦးဖြစ်တဲ့ ဆူဗစ် မိုင်တီက စမ်းသပ်ရေးမှာ ရှုပ်ထွေးတဲ့ စက်ကိရိယာတွေ မလိုအပ်သလို ကျွမ်းကျင်စရာလည်း မလိုအပ်ကြောင်း၊ နိုင်ငံရဲ့ ဝေးလံပြီး ဖွံ့ဖြိုးမှု နည်းပါးတဲ့ ဒေသတွေမှာ ဓါတ်ခွဲခန်း မရှိတဲ့ အရပ်ဒေသတွေအတွက် အင်မတန် လွယ်ကူကြောင်း ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်တဲ့ စက္ကူကို ဖလူးဒါ လို့ အမည်ပေးထားပါတယ်။ ဖလူးဒါလိုမျိုး အလွယ်တကူ စစ်ဆေးနိုင်တဲ့ antigen kit ကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း စမ်းသပ်ထုတ်လုပ်ထားကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးရန် ကုန်ကျငွေမှာ ရူပီးငွေ ၅၀၀ (အမေရိကန်ဒေါ်လာ ၆.၇၅) သာ ကုန်ကျမှာ ဖြစ်ပါတယ်။

 

 

ကမ္ဘာမှာ အသုံးပြုနေတဲ့ နမူနာတို့ဖတ် ယူပြီး စစ်ဆေးတဲ့ PCR နည်းနဲ့ စစ်ဆေးရန် ရူပီးငွေ  ၂,၄၀၀ ကုန်ကျပေမယ့် အများအယွင်း နည်းပါးကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို စက္ကူနဲ့ စစ်ဆေးနိုင်အောင် တာတာ ကုမ္ပဏီက ထောက်ပံ့ပေးကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၇.၅ သန်းကျော်သွားပြီ ဖြစ်ပါတယ်။  နိုင်ငံတစ်ဝန်းရှိ စမ်းသပ်ခန်း ၁,၂၀၀ ကျော်မှာ  antigen kit နည်းနဲ့ နမူနာတို့ဖတ် ယူပြီးစစ်ဆေးတဲ့ PCR နည်းတို့ကို အသုံးပြုပြီး  လူဦးရေ ၁ သန်းကို ရောဂါပိုး စမ်းသပ်ပေးနေကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့ စက္ကူကို အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ခွင့်ပြုထားပြီးဖြစ်ရာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးမယ့် စက္ကူကို လာမယ့် သီတင်းပတ်တွေ အတွင်းမှာ နိုင်ငံတစ်ဝန်းကို တာတာ ကုမ္ပဏီမှ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP