အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ သန်းကျော်ရှိလာ

၁၁ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ သန်းကျော်သွားကြောင်း ဒီနေ့(တနင်္ဂနွေနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။ အိန္ဒိယရဲ့ ပိုးတွေ့သူ အရေအတွက်ဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများဆုံးဖြစ်တဲ့ အမေရိကန်မှ ပိုးတွေ့သူအရေအတွက် နီးပါး ဖြစ်လာတာကို တွေ့ရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူအရေအတွက်ဟာ ၇၅,၀၀၀ ဦးရှိတဲ့အတွက် စုစုပေါင်း ပိုးတွေ့လူနာ ၇ ဒသမ ၀၅ သန်းရှိလာချိန်မှာ အမေရိကန်နိုင်ငံတွင် ပိုးတွေ့သူပေါင်း ၇ ဒသမ ၆၇ သန်း ရှိနေပါတယ်။

 

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၈,၃၃၄ ဦးသာ ရှိတဲ့အတွက် အမေရိကန် နဲ့ ဘရာဇီးနိုင်ငံတို့ထက် သေဆုံးသူ နည်းတာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၁၉,၀၀၀ ကျော် နဲ့ ဘရာဇီးနိုင်ငံမှာ ၁၅၀,၀၀၀ ကျော်ဟာ  ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အသက်ဆုံးရှုံးကြောင်း သိရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူများပေမယ့် သေဆုံးသူ နည်းရခြင်းက ပိုးတွေ့သူအများစုဟာ လူငယ်တွေဖြစ်ခြင်း၊ တခြားရောဂါတွေ မရှိခြင်းနဲ့ သေဆုံးသူအရေအတွက် အတိအကျ မရရှိခြင်းတွေကြောင့်  ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုပ်ရှင်ရုံတွေမှာ ဝင်ဆံ့ဦးရေရဲ့ တစ်ဝက်သာ ဝင်ခွင့်ရရှိတဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေ စတင်လည်ပတ်နေပြီဖြစ်ပါတယ်။

 

ကျွမ်းကျင်ပညာတွေက လာမယ့် သီတင်းပတ်တွေအတွင်းမှာ ကျင်းပကြမယ့် ပွဲတော်တွေမှာ လူအများအပြား စုဝေးဖို့ရှိတဲ့အတွက် အဲဒီပွဲတွေကနေ ပိုးတွေ့လူနာ များလာမှာကို စိုးရိမ်နေကြပါတယ်။

 

ဟိန္ဒူဘာဘာရဲ့ အဓိက ပွဲတော်ကြီး နှစ်ခုအဖြစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ Dussehra ပွဲတော်နဲ့  နိုဝင်ဘာအတွင်းမှာ ဒီပါဝလီပွဲတော်တို့ ကျင်းပဖို့ ရှိတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် အစိုးရရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေက ထွက်ပေါ်လာပြီလို့ သိရပါတယ်။

 

MDN

ကိုးကား- AFP