အိန္ဒိယနိုင်ငံတွင်း ပြေးဆွဲတဲ့ လေယာဉ်နဲ့ မီးရထားတွေ တိုးချဲ့ပြေးဆွဲခွင့်ပေးပေမယ့်  ကျောင်းတွေ ပိတ်ထားဆဲ

၃၀ ဇွန်

 

 

အိန္ဒိယနိုင်ငံတွင်း ပြေးဆွဲတဲ့ လေယာဉ်တွေနဲ့ ပြည်နယ်ချင်း ဆက်သွယ်သွားလာနေတဲ့ မီးရထားတွေကို အခေါက်ရည် တိုးချဲ့ပြေးဆွဲနေပေမယ့် ကျောင်းတွေကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၅၀,ဝ၀ဝ နီးပါးရှိသွားပြီဖြစ်ပြီး သေဆုံးသူ အရေအတွက်ဟာ ၁၆,၄၇၅ဦး ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ချက်မှာ  ဖော်ပြထားခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်၊ ဘရာဇီး နဲ့ ရုရှားနိုင်ငံတွေရဲ့ နောက်မှာ အိန္ဒိယနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။

 

 

ဝန်ကြီးချုပ် မိုဒီက ဒီနေ့(အင်္ဂါနေ့)မှာ မိန့်ခွန်းပြောကြားရာမှာ ညမထွက်ရအမိန့် သတ်မှတ်ချိန် လျော့နည်းသွားတာဟာ မနက်ဖြန် ဇူလိုင် ၁ ရက်နေ့မှာ စတင်သက်ဝင်မှာဖြစ်ပြီး အဲဒီအမိန့်ဟာ ဇူလိုင်လကုန်ထိ ဖြစ်ကြောင်း၊ ညမထွက်ရ အမိန့်ဟာ အလုပ်သွား အလုပ်ပြန် လူတွေနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် ဖြေလျော့မှု ပါရှိကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

 

ဒါပေမယ့် မြို့တွင်းပြေးဆွဲတဲ့ မြေအောက်ရထားတွေ၊ ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ အားကစားခန်းမတွေနဲ့ ရေကူးကန်တွေက ဆက်လက် ပိတ်ထားဆဲ ဖြစ်ပါတယ်။

 

 

ဇွန်လပိုင်းမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းတဲ့အတွက် ဘာသာရေးဆိုင်ရာ ဘုရားဝတ်ပြုတဲ့ နေရာတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ရှော့ပင်းမောတွေကိုတော့ ဖွင့်ခွင့်ပေးခဲ့ပါတယ်။

 

 

MDN

ကိုးကား- AFP