အိန္ဒိယတွင် ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှုဖြစ်ပွား သူ ၆၀ ဦးရှိ

၁၅ အောက်တိုဘာ

 

အိန္ဒိယ နိုင်ငံတွင် လူပေါင်း ၆၀ ခန့် ဇီကာ ဗိုင်းရပ်စ် အမည်ရှိ ရောဂါ ကူးစက်မှုဖြစ်ပွားနေပြီး နောက်ထပ်လည်း လူအများအပြား ရောဂါကူးစက်မှုများဖြစ်ပွားနေကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ယနေ့ပြောကြားခဲ့သည်။

 

ယခုအချိန်ထိ ဇီကာ ဗိုင်းရပ်စ် ကူးစက်သူ ၆၀ ဦးရှိကြောင်း၊ ၎င်းတို့အားလုံးမှာ အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျာစတန် မြို့တော် ဂျေပါး မှ ဖြစ်ကြကြောင်း နှင့် ရောဂါကူးစက်သူ အချို့မှာ ဘီဟာ ကဲ့သို့သော အရှေ့ပိုင်း ပြည်နယ်များမှ ရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း အကြီးတန်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ဇီကာ ဗိုင်းရပ်စ်ကူးစက်သူ ၆၀ ဦး မှ ၄၅ ဦး မှာ အပြည့်အဝ ကောင်းမွန်ပြီ ဖြစ်ရာ ကျန် ၁၅ ဦးကိုမူ စောင့်ကြည့်လေ့လာနေဆဲဖြစ်ကြောင်း သိရသည်။

 

၎င်းရောဂါထိန်းချုပ်ရေး အတွက် ပုံမှန် ကြည့်ရှုဆောင်ရွက်ရန် ရောဂါထိန်းချုပ်ရေးအခန်း တစ်ခုတွင် လူနာများကို ထည့်သွင်းပြီး  ၎င်းအခန်းကို အသုံးပြုနေပြီ ဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာန က သတင်းဖော်ပြခဲ့သည်။

 

နေ့ဘက်တွင် ကိုက်သော အီးဒီးစ် ခြင်များကြောင့် ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်ကြောင်း နှင့် ၎င်း ရောဂါလက္ခဏာများတွင် ဖျားနာခြင်း ၊ အရေပြားအဖုအပိမ့်ထွက်ခြင်း ၊ မျက်စိနာရောဂါဖြစ်ခြင်း ၊ ကြွက်သား နှင့် အဆစ်ရိုး နာကျင်ခြင်း နှင့် ခေါင်းကိုက်ခြင်း တို့ပါဝင်ကြောင်း သိရသည်။ 

 

အိန္ဒိယနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလကတည်းက ဖြစ်ပွားခဲ့သော ဇီကာဗိုင်းရပ်စ်ရောဂါသည် ယခု တတိယအကြိမ် မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဇီကာဗိုင်းရပ်စ်ရောဂါသည် အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင်  ၂၀၁၇ ခုနှစ် ဇန်နဝါရီလ က ပထမအကြိမ်ဖြစ်ပွားခဲ့ပြီး  တောင်ပိုင်း တမီးလ်နဒူး ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဒုတိယ အကြိမ်ဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းဇီကာဗိုင်းရပ်စ် ဖြစ်ပွားခဲ့သည့် နှစ်ကြိမ်စလုံး ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 

ကိုးကား ဆင်ဟွာ 

ဘာသာပြန် မြင့်မြင့်ချို