အိန္ဒိယဝယ်လက်များကြောင့် ပဲစင်းငုံ ဈေးကောင်း

မန္တလေး ၇ ဇွန်

 

အိန္ဒိယဘက်မှ ဝယ်လက်များသဖြင့် ပဲစင်းငုံဈေးကောင်းနေပြီး နှမ်းအသစ်ပေါ်ချိန်ဖြစ်၍ နှမ်းဈေးများကျနေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

 

"အိန္ဒိယဘက်က ကိုဒါက ဧပြီ ၁ ရက်နေ့ကတည်းက စပြီးအသက်ဝင်တာ။ တကယ်ဝယ်တာက မေလကုန်ကမှ စဝယ်တာ။ စဝယ်တာနဲ့ ဈေးနှုန်းနည်းနည်း မြောက်တယ်။ သူတို့ စမဝယ်ခင်ကတော့ မန္တလေးဈေးကွက်မှာ ပဲစင်းငုံအနီက ၆၈၀ဝ၀ ထိ ဈေးကျတယ်။ ယနေ့အနေအထားကတော့ ၇၃၀ဝ၀ ထိ ဈေးပြန်တက်တယ်။ ၃ တင်း တစ်အိတ်ကို ၅၀ဝ၀ လောက် ပြန်တက်တယ်။ ပဲစင်းငုံထွက်တာကတော့ သင်္ကြန်မတိုင်မီ လှိုင်လှိုင်ပေါ်တဲ့အချိန်ကတော့ ကျော်ခဲ့ပြီ။ အခုဟာက လှောင်တဲ့သူတွေ ကုန်သည်တွေ တောင်သူလက်ကျန်တွေ အလုပ်ဖြစ်နေတာပါ” ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

 

ပဲစင်းငုံ(နီ) ပိဿာ ၆၀ (သစ်)လျှင် ၇၁၀ဝ၀ ကျပ်မှ ၇၃၀ဝ၀ ကျပ်၊ ပဲစင်းငုံ(ဖြူ) ပိဿာ ၆၀ (သစ်)လျှင် ၇၃၀ဝ၀ ကျပ်ရှိကြောင်းနှင့် တရုတ်ဈေးကွက်အနေဖြင့် မြေပဲဆံဈေးကောင်းသော်လည်း နှမ်းမှာ အသစ်ပေါ်ချိန်ဖြစ်၍ ဈေးများကျနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

"နှမ်းအသစ်ပေါ်ခါနီးတော့ ကုန်သည်တွေက အဝယ်နားတဲ့အပိုင်းမှာပါတယ်။ အဝယ်ကို ချပြီးဝယ်တဲ့ သဘောပေါ့။ နှမ်းဈေးမကောင်းဘူး။ နှမ်းက အညိုက ၁၁၂၀ဝ၀ ကျပ်ပဲရှိတော့တယ်။ စမုံနှမ်းနက်ဆိုရင် ၁၄၀ဝ၀ဝ နဲ့ ၁၆၀ဝ၀ဝ ကြား အလုပ်ဖြစ်တယ်။ အရင်တုန်းက စမုံနှမ်းနက်ကို နှစ်သိန်းကျော်တယ်" ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

 

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် နှမ်းဖြူ ၄၅ ပိဿာလျှင် ၁၁၈၀ဝ၀ ကျပ်မှ ၁၃၀ဝ၀ဝ ကျပ်၊ နှမ်းဖြူ(Japan) ၄၅ ပိသာလျှင် ၁၃၅၀ဝ၀ ကျပ်မှ ၁၃၇၀ဝ၀ ကျပ်၊ နှမ်းနက်(စမုံ) ၄၅ ပိဿာလျှင် ၁၄၀ဝ၀ဝ ကျပ်မှ ၁၆၀ဝ၀ဝ ကျပ်၊ နှမ်းညို ၄၅ ပိဿာလျှင် ၁၁၀ဝ၀ဝ ကျပ်မှ ၁၁၂၀ဝ၀ ကျပ်ရှိကြောင်း သိရသည်။

 

ထိပ်ထားနိုင်

 

mdn